News @ M-Media

ပဲရစ်ရှိ ဗလီတစ်လုံးသို့ ပြင်သစ်သမ္မတ သွားရောက်လည်ပတ်ခဲ့

ဇန်န၀ါရီ ၁၂၊ ၂၀၁၆
M-Media

– ပြင်သစ်နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေရဲ့ တံခါးဖွင့်လှုပ်ရှားမှုမှာ ပြင်သစ်သမ္မတ ဖရန်ကိုအစ် ဟော်လန်ဒေးလည်း ပါဝင်ခဲ့ပြီး မြို့တော်ပဲရစ်က ဗလီဝတ်ကျောင်းတော်တစ်လုံးကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူ့အဖွဲ့အစည်းအတွင်းမှာ မြင့်တက်လာတဲ့ အမုန်းတရားတွေ လျော့ကျရေးနဲ့ အစ္စလာမ်သာသနာအပေါ် နားလည်မှုလွဲမှားတာတွေကို ဖြေရှင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဗလီဝတ်ကျောင်းတွေက ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး သမ္မတဟော်လန်ဒေးကတော့ ဇန်န၀ါရီ ၁၀ ရက်နေ့မှာ မြို့တော် ပဲရစ်က ဗလီဝတ်ကျောင်းတော်တစ်ခုကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဒီခရီးစဉ်ကို တရားဝင်ထုတ်ပြန်ခြင်း မရှိပါဘူး။

“သမ္မတက ရင်းရင်းနှီးနှီးနဲ့ လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောကြားခဲ့ပါတယ်” လို့ ပြင်သစ် သမ္မတရုံးက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ စောစောပိုင်းကလည်း ချာလီဟဘ်ဒိုသတင်းစာနဲ့ ဂျူးစူပါမားကတ် တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်အခမ်းအနား တစ်ခုကို သမ္မတက တက်ရောက်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်အတွင်းမှာ ပြင်သစ်နိုင်ငံတစ်ဝှမ်း အကြမ်းဖက်တိုက်ခိုက်မှုအချို့ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက်ပိုင်း မွတ်စလင်အမည်ခံ အကြမ်းဖက်သမားတွေကြောင့် ပြင်သစ်လူ့အဖွဲ့အစည်းတွင်းမှာ သံသယတွေပိုလာတာကို လျော့ပါးစေဖို့နဲ့ လူ့အဖွဲ့အစည်းအတွင်း ပေါင်းကူးတံတားတွေ ထိုးပေးဖို့အတွက် ပြင်သစ်နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေဟာ တစ်ပတ်တာ တံခါးဖွင့်လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

Ref: themalaysianinsider

Comments

Leave a Reply