News @ M-Media

ဦးခေါင်းထိခိုက်ထားသူများ နောက်ပိုင်းတွင် မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်

ဖေဖော်ဝါရီ ၆၊ ၂၀၁၆
M-Media

head

– ဦးခေါင်းထိခိုက်ဒဏ်ရာရဖူးတဲ့သူတွေဟာ နှစ်ကြာလာတဲ့အခါ စိတ်ဖောက်ပြန်လာတာမျိုးတွေ ဖြစ်လာစေနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ တွေ့ရှိခဲ့ပါတယ်။

ဦးခေါင်းထိခိုက်ဒဏ်ရာကနေ ပြန်သက်သာလာတဲ့သူတွေဟာ အချိန်ကြာလာတဲ့အခါ ၎င်းတို့ရဲ့ ဦးနှောက်ထဲမှာ အယ်ဇိုင်းမားရောဂါနဲ့ ဆက်စပ်နေတဲ့ ပရိုတိန်းအုပ်စုငယ်လေးတွေ ဖြစ်ပေါ်လာတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

လန်ဒန်ရှိ Imperial College က သုတေသနပညာရှင်တွေရဲ့ လေ့လာမှုအတွင်းမှာ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန် ခံစားဖူးတဲ့သူတွေဟာ နောက်ပိုင်းမှာ စိတ်ဖောက်ပြန်နိုင်တဲ့အန္တရာယ် တိုးလာနိုင်တယ်ဆိုတာကို ရှင်းပြန်နိုင်ခဲ့ပေမယ့် ဘာ့ကြောင့် ဒီလိုဖြစ်လာရလဲဆိုတာကိုတော့ မသိရှိသေးပါဘူး။

လေ့လာမှုအတွင်းမှာ သုတေသနပညာရှင်တွေဟာ နည်းဆုံး ၁၁ လကနေ အများဆုံး ၁၇ နှစ်တာအရင်က မတော်တဆဖြစ်မှုတွေအတွင်းဦးခေါင်း ထိခိုက်ဒဏ်ရာရသူ ၉ ဦးကို လေ့လာခဲ့တာဖြစ်ပြီး သူတို့တွေမှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ မရှိပေမယ့် အာရုံမစိုက်နိုင်တာ မှတ်ဉာဏ်ဆုံးရှုံးတာတွေ စတဲ့ ပြဿနာတွေ နေ့စဉ် ခံစားနေရတာကို တွေ့ရှိခဲ့ရပါတယ်။

သူတို့ရဲ့ ဦးနှောက်ကို စကန်ဖတ်ကြည့်မှုအတွင်းမှတော့ အလ်ဇိုင်းမားရောဂါသည်တွေလိုပဲ beta amyloid ပရိုတိန်းလေးတွေ ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီ ပရိုတိန်းဖြစ်တည်မှု ပိုမိုများပြားလေလေ ဦးနှောက်အတွင်းက မှတ်ဉာဏ်ချို့ယွင်းတာမျိုးဟာ ပိုမိုဖြစ်ပွားလေလေ ဖြစ်ပါတယ်။

ဦးခေါင်းထိခိုက်ထားသူတွေဟာ နောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ ဒီတွေ့ရှိချက်ကို ပိုမိုနားလည်ဖို့၊ အဲဒီအန္တရာယ်ကို လျှော့ချဖို့ စတာတွေနဲ့ပတ်သက်ပြီးတော့ လေ့လာမှုတွေ ဆောင်ရွက်ရမယ်လို့ သိပ္ပံပညာရှင်တွေက ထည့်သွင်းပြောကြားခဲ့ပါတယ်။

Ref : IINA

Comments

Leave a Reply