News @ M-Media

အပိတ်ဆို့ခံ ပါလက်စတိုင်းပြည်သူများအတွက် ရာဖာနယ်ခြားကို ဖွင့်လှစ်

ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆
M-Media

Gaza

– အစ္စရေး၏ ပိတ်ဆို့မှုကို ခံထားရသည့် ဂါဇာကမ်းမြှောင်ရှိ ရာဖာနယ်ခြားကို ဖွင့်လှစ်ခဲ့ပြီးနောက် ပါလက်စတိုင်းပြည်သူ ရာပေါင်းများစွာမှာ အီဂျစ်သို့သွားရောက်ရန် နယ်စပ်သို့ စုပြုံရောက်ရှိလာခဲ့သည်ဟု သိရသည်။

ဂါဇာကမ်းမြှောင်မှ အီဂျစ်သို့ သွားရောက်နိုင်သည့် ရာဖာနယ်ခြားကို ပြီးခဲ့သည့် ဒီဇင်ဘာလက နောက်ဆုံး ဖွင့်လှစ်ခဲ့ပြီးနောက် ယခု ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ၂ ရက်တာ ကြာမြင့်မည်ဖြစ်သည်။ ယနေ့တွင်စတင်သည့် အဆိုပါနယ်ခြားဖွင့်လှစ်မှုတွင် ပါလက်စတိုင်းပြည်သူ ၇၆၅ ဦးကိုသာ အီဂျစ်ုသို့ သွားရောက်ခွင့်ပြုထားသည်ဟု ပါလက်စတိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။

အသက်ရှင်ရပ်တည်ရေးအတွက် အရေးပေါ်လိုအပ်ချက်များ ရှိနေသောကြောင့် ရာဖာနယ်ခြားကိုဖြတ်ရန် စာရင်းပေးထားသူ ၂၅၀၀၀ ကျော် ရှိနေပြီး၊ ထိုအထဲမှ ၃၅၀၀ ခန့်မှာ ဆေးကုသရန်လိုအပ်နေသူများဖြစ်သည်ဟု Ma’an သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ဟားမက်စ်အဖွဲ့က ဂါဇာကမ်းမြှောင်အား ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနှင့် အီဂျစ်တို့၏ ပိတ်ဆို့ထားမှုများကြောင့် ထိုဒေသရှိ ပါလက်စတိုင်းပြည်သူများမှာ ဒုက္ခ၊ သုက္ခပေါင်းစုံနှင် ရင်ဆိုင်နေရသည်။

Ref: Aljazeera

Comments

Leave a Reply