News @ M-Media

အသင်းဖော်များအား ဝေဖန်ခဲ့မှုအတွက် ရော်နယ်ဒို ပြန်လည်တောင်းပန်

မတ် ၁၊ ၂၀၁၆
M-Media

rnd

– အက်သလက်တီကိုမက်ဒရစ်အား ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် အသင်းဖော်များနှင့် အသင်းတာဝန်ရှိသူများအား ဝေဖန်ခဲ့မှုအတွက် ရီးယဲလ်တိုက်စစ်မှူးရော်နယ်ဒိုက ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။

ပြီးခဲ့သည့်တစ်ပတ်အတွင်း ကစားခဲ့သည့် အဆိုပါပွဲတွင် ရီးယဲလ်မှာ အက်သလက်တီကို မက်ဒရစ်အား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ရော်နယ်ဒိုကမူ အသင်းသားများအနေဖြင့် မိမိကစားသကဲ့သို့ ကစားပါက အသင်းမှာ ဇယားထိပ်ဆုံးတွင် ရှိနေမည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ထို့ပြင် အသင်း၏ ဆေးအဖွဲ့များ၊ ရာသီအစ ပြင်ဆင်မှုများနှင့် လက်ရှိ အသင်းခြေစွမ်းပိုင်းတို့ကိုလည်း ရော်နယ်ဒိုက ဝေဖန်ခဲ့ကာ ၎င်းကိုယ်ကို အမွှမ်းတင်ခဲ့သည်။ ထို့ကြောင့် ၎င်းမှာ ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်တွင် ရော်နယ်ဒိုက အသင်းဖော်များအား ပြန်လည်တောင်းပန်လိုက်ပြီး ၎င်းကိုယ်ကိုလည်း နှိမ့်ချပြောဆိုခဲ့ကာ အသင်းဖော်များ စိတ်ပျက်စေရန် မရည်ရွယ်ခဲ့ဟု ဆိုသည်။ အသင်းဖော်များကလည်း ရော်နယ်ဒို၏ တောင်းပန်မှုကို လက်ခံခဲ့ပြီး ၎င်းအား နှစ်သိမ့်ဖြောင်းဖျခဲ့ကြသည်။

Ref: Goal

Comments

Leave a Reply