မတ် ၈၊ ၂၀၁၆
M-Media
– ကယ်လီဖိုးနီးယားပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုက တခြားပြည်နယ်တွေထက် ၂၀၁၅ ခုနှစ်အတွင်း မုန်းတီးရေးအုပ်စု ပိုများလာတယ်လို့ တောင်ပိုင်းဆင်းရဲမွဲတေမှုဆိုင်ရာ ဥပဒေဌာန (SPLC) က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်နေ့က လော့စ်အိန်ဂျလိစ်အပြင်ဘက် အေနာဟမ်မြို့မှာ လူဖြူအစွန်းရောက်အဖွဲ့ Ku Klux Klan (KKK) က ချီတက်ဆန္ဒပြမှု ပြုလုပ်ဆောင်ရွက်အပြီးမှာ ကယ်လီဖိုးနီးယားပြည်နယ်က အမုန်းအခြေခံ အုပ်စုတွေအပေါ် သတိထားမိလာကြတာ ဖြစ်ပါတယ်။
တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၁၅ ခုနှစ် အမေရိကန်မှာ မုန်းတီးရေးအုပ်စု စုစုပေါင်း ၈၉၂ ခု ရှိပြီး အဲ့ဒီထဲကမှ ၆၈ ဖွဲ့ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှိနေတာဖြစ်ပါတယ်။ ၈၉၂ ဆိုတဲ့ အရေအတွက်ဟာ ၂၀၁၄ ခုနှစ်ကထက် ၁၄ ရာခိုင်နှုန်းလောက် မြင့်တက်လာတာ ဖြစ်တယ်လို့ SPLC က ဆိုပါတယ်။
အဆိုပါအဖွဲ့တွေဟာ လူမျိုးရေးခွဲခြားတတ်တဲ့အဖွဲ့အစည်းတွေ သက်သက်သာ မဟုတ်ဘဲ မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ အုပ်စုတွေကတော့ ၂၀၁၄ ကထက် ၄၅ ရာခိုင်နှုန်းလောက် ပိုများလာပါတယ်။ အဲဒီလို အမုန်းတရားအခြေခံ အုပ်စုအရေအတွက် ပိုများလာတာထက် အဲဒီအုပ်စုတွေနဲ့ ဆက်နွယ်နေတယ်လို့ သတင်းထွက်တဲ့ အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုက ပိုများတယ်လို့ SPLC ရဲ့ အကြီးတန်းတာဝန်ရှိသူ မာ့ခ် ပိုတော့က ပြောကြားခဲ့ပါတယ်။
အေနာဟမ် ချီတက်ဆန္ဒပြမှုနောက်ပိုင်း သေစေနိုင်တဲ့ လက်နက်နဲ့ လုပ်ကြံမှုတစ်ခုမှာ ပါဝင်တယ်လို့ သံသယရှိတဲ့အတွက် KKK အဖွဲ့ဝင်ငါးဦးကို အမေရိကန်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြင်းထန်စွာ နာကျင်စေဖို့ ရည်ရွယ်တဲ့ တိုက်ခိုက်မှုမှာ ပါဝင်မယ်လို့ ယူဆရတဲ့ လူ ၇ ဦးလည်း ထပ်မံထိန်းသိမ်းခဲ့ပါတယ်။
Ref: IINA


Leave a Reply
You must be logged in to post a comment.