News @ M-Media

ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ အရှိန်မြင့်လာ

မတ် ၁၆၊ ၂၀၁၆
M-Media

syria

– ရုရှားက ဆီးရီးယားရှိ ၎င်း၏တပ်များ ဆုတ်ခွာမှုမှာ ထင်ရှားသည့် တိုးတက်မှုဖြစ်သည်ဟု ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် စတာဖန် ဒီ မစ်တူရာက ပြောကြားလိုက်ပြီး ဂျီနီဗာတွင် ပြုလုပ်လျက်ရှိနေသည့် ဆွေးနွေးပွဲများကို အရှိန်မြှင့်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိ ဥရောပက ရင်ဆိုင်နေရသည့် ဒုက္ခသည်ပြဿနာ၊ IS အကြမ်းဖက်အဖွဲ့အား တိုက်ခိုက်နေရမှုတို့က ဆီးရီးယားအစိုးရနှင့် သူပုန်တို့အကြား ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုကို အလျင်အမြန်ဆောင်ရွက်ရန် တွန်းအားပေးနေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဂျနီဗာတွင် ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အမေရိကန်နှင့် ရုရှားတို့လည်း ပါဝင်နေပြီး အတိုက်အခံဘက်မှ ညှိနှိုင်းဆွေးနွေးသူနှင့် ညှိနှိုင်းဆွေးနွေးရေးကော်မရှင် အဖွဲ့ဝင်ဖြစ်သူ ဘက်စ်မာ ကော့ဒ်မာနီက မိမိတို့၏ လုပ်ငန်းစဉ်မှာ အပြုသဘောဆောင်မှု ရှိနေသည်ဟု ဆိုသည်။

သို့သော်လည်း ဒီမစ်တူရာကမူ ဆီးရီးယားအစိုးရ အကျဉ်းထောင်များတွင် ဖမ်းဆီးထားသည့် အတိုက်အခံများအား လွှတ်ပေးခြင်းနှင့် ဒမတ်စကတ်အပြင်ဘက်ရှိ ဒါရာယာဒေသတွင် နေထိုင်သော ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအများ ပေးအပ်ခြင်းတို့အပါအ၀င် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အတားအဆီး ဖြစ်စေနိုင်သော ကိစ္စရပ်များ ရှိနေသည်ဟု ပြောကြားခဲ့သည်။

ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ယခုအချိန်အထိ မည်သည့်ရလဒ်မှ မထွက်သေးချေ။

Ref: Aljazeera

Comments

Leave a Reply