မတ် ၂၀၊ ၂၀၁၆
M-Media
– အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးမှာ ယခုနှစ်တွင် အသင်းရှိသူ အားလုံးကို စိတ်ပျက်အောင် လုပ်ဆောင်ခဲ့သည်ဟု တိုက်စစ်မှူးဟောင်း အီမန်နျူယဲလ် ပီတစ်က ပြောကြားလိုက်သည်။
ရာသီအစတွင် အခြေအနေကောင်းများဖြင့် စတင်ခဲ့သော်လည်း အာဆင်နယ်မှာ လက်ရှိအချိန်တွင် ချန်ပီယံလိဂ်နှင့် FA ဖလားတို့မှ ထွက်ခဲ့ရကာ ပရီးမီးယားလိဂ်တွင်လည်း ထိပ်ဆုံးမှ လက်စတာနှင့် ၁၁ မှတ်ကွာဟနေပြီး ဖလားလက်မဲ့ရာသီကို ဖြတ်သန်းရမည့် အနေအထားတွင် ရှိနေသည်။
ဝင်းဂါးလက်အောက် ၁၉၉၈ ခုနှစ်တွင် အာဆင်နယ်နှင့် ပြည်တွင်းဖလား ၂ လုံးကို ရရှိခဲ့သည့် ပီတစ်ကမူ မန်စီးတီး၊ လီဗာပူးလ်၊ ချယ်ဆီးနှင့် မန်ယူတို့ ရုန်းကန်နေကြရသည့် ယခုရာသီတွင် ပရီးမီးယားလိဂ်ဖလားရအောင် မစွမ်းဆောင်နိုင်ပါက အာဆင်ဝင်းဂါးမှာ အခြားအားကစားတစ်ခုကိုသာ စဉ်းစားသင့်သည်ဟု ဆိုသည်။
“ဒီရာသီက ကျွန်တော်တို့အတွက် ဖြစ်ရမှာဖြစ်ပေမယ့် ခင်ဗျားက ပရိတ်သတ်တွေနဲ့ အသင်းကို စိတ်ပျက်အောင်လုပ်ခဲ့တယ်။ နောက်နှစ်မှာ ချယ်ဆီး၊ လီဗာပူးလ်၊ မန်စီးနဲ့ မန်ယူတို့ ဒီအတိုင်းသွားမယ်လို့ ခင်ဗျားထင်နေသလား။ မေ့လိုက်စမ်းပါ။ သူတို့ တောင့်တောင့်တင်းတင်းနဲ့ ပြန်လာလိမ့်မယ်။ စပါးနဲ့ လက်စတာကိုတော့ ကျွန်တော်လေးစားပါတယ်။ ဒါပေမယ့် သူတို့ကို မယှဉ်နိုင်ဘူးဆိုရင်တော့ ခင်ဗျားအနေနဲ့ တစ်ခြားအားကစားသာ ပြောင်းလိုက်ပါဗျာ” ဟု ၀င်းဂါးကို ရည်ညွှန်း၍ ပီတစ်က Sky Sport သို့ ပြာကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.