News @ M-Media

သမိုင်းဝင်ခရီးစဉ်အဖြစ် အမေရိကန်သမ္မတ ကျူးဘားသို့ ရောက်ရှိ

မတ် ၂၁၊ ၂၀၁၆
M-Media

cuba

– ကျူးဘားနိုင်ငံနှင့် အမေရိကန်၏ သံတမန်ဆက်ဆံမှု တစ်နှစ်ကျော် ကြာခဲ့ပြီးနောက် အမေရိကန်သမ္မတ ဘာရက် အိုဘားမားမှာ ကျူးဘားနိုင်ငံသို့ ယမန်နေ့က သွားရောက်ခဲ့ပြီး နှစ်ပေါင်း ၈၈ နှစ်အတွင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ခဲ့သည်။

အဆိုပါ ခရီစဉ်မှာ ၃ ရက်တာ ကြာမြင့်မည်ဖြစ်ပြီး ယမန်နေ့က ဟာဗားနားမြို့သို့ ရောက်ရှိလာသည့် အိုဘားမားကို ကျူးဘား နိုင်ငံခြားရေးဝန်ကြီး ဘရူနို ရော်ဒရီဂက်ဇ်က သွားရောက်ကြိုဆိုခဲ့သည်။ ကျူးဘားပြည်သူများကလည်း သမ္မတအိုဘားမားကို ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြိုဆိုခဲ့ကြသည်။

ကျူးဘားခေါင်းဆောင် ကက်စထရိုနှင့်မူ ယနေ့တွင် တွေ့ဆုံမည်ဖြစ်ပြီး အဓိကပြဿနာများ၌ တိုးတက်မှု အနည်းငယ်သာ ရရှိမည်ဟု မျှော်လင့်ထားကြသည်။ မနက်ဖြန်တွင် အိုဘားမားမှာ အတိုက်အခံများနှင့် တွေ့ဆုံမည်ဖြစ်သည်။

အမေရိကန်နှင့် ကျူးဘားတို့မှာ စစ်အေးခေတ်အတွင်း နျူကလီးယားစစ်ပွဲ ဖြစ်လုနီးပါးအထိ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် သံအဆက်အသွယ်ပြတ်တောက်ကာ ရန်သူသဖွယ် ဖြစ်သွားခဲ့သည်။ သို့သော်လည်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် အဆက်အသွယ်ပြန်လုပ်ရန်အတွက် အိုဘားမားနှင့် ကက်စထရိုတို့က သဘောတူညီခဲ့ကြသည်။

Ref: Aljazeera

Comments

Leave a Reply