ဧပြီ ၂၈၊ ၂၀၁၆
M-Media
– ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမကျော့ ဘိုင်ယန်အား အနိုင်ရသည့်ပွဲတွင် မိမိတို့အသင်း၏ အကောင်းဆုံးခြေစွမ်းနှင့် နီးစပ်သည့် စွမ်းဆောင်ရည်ကို တွေ့ခဲ့ရသည်ဟု အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်နီက ပြောကြားလိုက်သည်။
ယနေ့မနက်က အက်သလက်တီကို အိမ်ကွင်းတွင်ကစားခဲ့သည့် အဆိုပါပွဲတွင် အိမ်ရှင်အသင်းမှာ ဆာအူလ် နီဂွက်ဇ်၏ ၁၂ မိနစ် အံ့သြဖွယ် တစ်ကိုယ်တော်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ခံစစ်အားပြုကာ တန်ပြန်တိုက်စစ်ကစားခဲ့သည့် အက်သလက်တီကိုမှာ ဂိုးသွင်းခွင့်အချို့ ရရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။
၂၀၁၃-၁၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အက်သလက်တီကိုမှာ ရီးယဲလ်ကိုရှုံးကာ ဒုတိယ ရရှိခဲ့ပြီး၊ ထိုနှစ်လာလီဂါကိုမူ ဆွတ်ခူးနိုင်ခဲ့သည်။ လက်ရှိတွင်လည်း လာလီဂါတွင် ထိပ်ဆုံးမှ ဘာစီလိုနာနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ ဆီမြွန်နီကမူ ဘိုင်ယန်အား အနိုင်ရသည့် အသင်းအား ချီးကျူးခဲ့သည်။
“အသင်းရဲ့ အကောင်းဆုံးခြေစွမ်းနဲ့ နီးစပ်တဲ့ စွမ်းဆောင်ရည်လို့ ပြောလို့ရပါတယ်။ ဘာစီလိုနာနဲ့ ကွာတားဖိုင်နယ်က ခြေစွမ်းမျိုးပါပဲ။ ကျွန်တော်တို့ ကစားချင်တဲ့နည်းလမ်းအတိုင်း စီမံနိုင်ခဲ့ပါတယ်။ ဘိုင်ယန်ကလည်း အခြေအနေတွေကို ပြောင်းလဲနိုင်တဲ့အသင်းပါ။ သံသယရှိစရာမလိုတာကတော့ ပထမပိုင်းမှာ ကျွန်တော်တို့ သက်တောင့်သက်သာရှိခဲ့တယ်၊ ဒုတိယပိုင်းမှာ သူတို့ သက်တောင့်သက်သာ ရှိခဲ့တယ် ဆိုတာပါပဲ” ဟု ဆီမြွန်နီက ပြောကြားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.