ဧပြီ ၂၉၊ ၂၀၁၆
M-Media
– ၂ လတာ ကြာမြင့်နေပြီး ပျက်ဆီးလုဆဲဆဲဖြစ်နေတဲ့ ဆီးရီးယားအပစ်ရပ်ရေးကို အသက်ဆက်ဖို့နဲ့ ပျက်ဆီးသွားပြီးဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်ဖို့အတွက် ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် စတက်ဖန် ဒီ မစ်တူရာက အမေရိကန်နဲ့ ရုရှားခေါင်းဆောင်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
အဲလစ်ပိုမြို့နဲ့ အနည်းဆုံး အခြား ၃ နေရာမှာ အပစ်ရပ်ရေး ပျက်ဆီးသွားတဲ့အတွက်လည်း ကုလအထူးကိုယ်စားလှယ်က အလွန်အမင်းစိုးရိမ်တယ်လို့ဆိုပြီး၊ နိုင်ငံရေးအသွင်ကူးပြောင်းမှုဆိုင်ရာ အမြင်တွေမှာ အစိုးရနဲ့ အတိုက်အခံတွေ အမြင်မတူညီတာကိုလည်း တွေ့ခဲ့ရတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
“အစကောင်းခဲ့တဲ့ (ဆီးရီးယားအပစ်ရပ်ရေး) ကိစ္စ အောင်မြင်မှုဟာ သမ္မတအိုဘားမား၊ သမ္မတပူတင်တို့ရဲ့ အားထုတ်မှုနဲ့ဆက်နွယ်နေတာကြောင့် နောက်ထပ် အမြင့်ဆုံးအဆင့် အားထုတ်မှုကို ချက်ချင်းဆောင်ရွက်ဖို့ အမေရိကန်ရဲ့ ရုရှားတို့ကို ကျွန်တော်က တောင်းဆိုရခြင်းဖြစ်ပါတယ်”
ဆီးရီးယားပြဿနာ ဖြေရှင်းရေးအတွက် ဆီးရီးယားဆိုင်ရာ နိုင်ငံတကာပံ့ပိုးကူညီရေးအဖွဲ့ ISSG မှာ ပါဝင်တဲ့ အဓိကနိုင်ငံတွေ၊ ဒေသတွင်း အင်အားကြီးနိုင်ငံတွေနဲ့ ၀န်ကြီးအဆင့် အစည်းအဝေးတစ်ခုကို အမေရိကန်နဲ့ ရုရှားတို့က မဖြစ်ဖြစ်အောင် ပြုလုပ်ဖို့လည်း မစ်တူရာက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Ref: IINA
Leave a Reply
You must be logged in to post a comment.