News @ M-Media

အာဖဂန် တာလီဘန်ခေါင်းဆောင် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံး

မေ ၂၂၊ ၂၀၁၆
M-Media

taliban

– ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဘာလိုချစ္စတန်ပြည်နယ်တွင် အမေရိကန်က ပြုလုပ်ခဲ့သည့် ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုအတွင်း တာလီဘန်ခေါင်းဆောင် မူလာ အခ်တာရ် မိုဟာမက် မန်ဆူရ် သေဆုံးခဲ့သည်ဆိုသော သတင်းကို အာဖဂန်တာလီဘန်အဖွဲ့က အတည်ပြုခဲ့သည်။

တာလီဘန်အဖွဲ့၏ အကြီးတန်းတပ်မှူးတစ်ဦးဖြစ်သူ မူလာ အဘ်ဒဲလ် ရာအွဖ်က ယနေ့တွင် ထိုကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်ပြီး မန်ဆူရ်မှာ သောကြာနေ့က အာဖဂန်-ပါကစ္စတန်နယ်ခြားဒေသတွင် ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန် သမ္မတရုံးကလည်း ထိုကိစ္စအား အတည်ပြုခဲ့သည်။ မန်ဆူရ်အား ပစ်မှတ်ထားကာ ဒရုန်းဖြင့်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင် ကြေငြာခဲ့ပြီးနောက် တာလီဘန်ခေါင်းဆောင် သေဆုံးခဲ့လားဆိုသည်နှင့်ပတ်သက်၍ မသေချာသော သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

တာလီဘန်မှာ ၎င်းတို့၏ ယခင်ခေါင်းဆောင် မူလာ မိုဟာမက် အိုမာရ် ၂၀၁၃ ခုနှစ်တွင် သေဆုံးခဲ့သည်ကို ၂၀၁၅ ခုနှစ် ဇူလိုင်လကမှ သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက် ခေါင်းဆောင်သစ်အဖြစ် ယခုသေဆုံးသွားသူ မန်ဆူရ်ကို တင်မြှောက်ခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စအတွက် အဖွဲ့အတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

Ref: Press TV

Comments

Leave a Reply