မေ ၂၉၊ ၂၀၁၆
M-Media
– IS လက်မှ ဖာလူဂျာဒေသ လွတ်မြောက်ရေးအတွက် ထိုးစစ်ဆင်မှုတွင် ပထမအဆင့် အောင်မြင်စွာပြီးဆုံးခဲ့ပြီး မိမိတို့တပ်များက မြို့အား ၀န်းရံထားလိုက်ပြီဟု အီရတ်အစိုးရ တာဝန်ရှိသူများက ပြောကြားလိုက်သည်။
မြို့တော်ဘဂ္ဂဒတ်၏ အနောက်ဘက် ၆၀ ကီလိုမီတာအကွာအဝေးတွင်ရှိသည့် အဆိုပါမြို့အား အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုအတွင်း လူပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အီရတ်တပ်ဖွဲ့များနှင့် IS တို့အကြား တိုက်ခိုက်မှုများ မြင့်တက်လာသောကြောင့် မြို့တွင်းရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများမှာလည်း ဆိုးရွားလာနေသည်။
ကာကွယ်ရေးဝနကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ မိမိတို့တပ်ဖွဲ့များမှာ ဖာလူဂျာမြို့နှင့် နီးကပ်နေပြီဟု ယမန်နေ့က ပြောကြားခဲ့သည်။
“ပထမအဆင့်က ပြီးဆုံးသွားပြီး ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့တွေဟာ ဖာလူဂျာကို ဖြတ်တောက်ထားလိုက်ပြီး မြို့ကိုလည်း ၀န်းရံထားလိုက်ပါပြီ”
ပြည်သူအများအပြားကို အီရတ်စစ်တပ်က ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနိုင်ခဲ့သော်လည်း မြို့တွင်းတွင် ပိတ်မိနေသူများမှာ ၅၀၀၀၀ ခန့်ရှိနေသည်။
Ref : Aljazeera


Leave a Reply
You must be logged in to post a comment.