မေ ၂၉၊ ၂၀၁၆
M-Media
– ကန့်သတ်ထားတဲ့ ဆေးပညာနယ်ပယ်အချို့မှာ သုတေသနလုပ်ဖို့အတွက် ဓာတ်ခွဲခန်းတွေမှာ လူ့သန္ဓေသားများကို ထုတ်လုပ်ကြီးထွားခွင့် ပေးတော့မှာဖြစ်တယ်လို့ နယ်သာလန်အစိုးရက သောကြာနေ့မှာ ကြေငြာလိုက်ပါတယ်။
ယခုလက်ရှိမှာတော့ သိပ္ပံပညာရှင်တွေအနေနဲ့ သားအိမ်ပြင်ပ သန္ဓေတည်တဲ့ ဝေဒနာရှင်တွေဆီက အကြွင်းအကျန်သန္ဓေသားတွေအပေါ်ကိုသာ မှီခိုအသုံးပြုနေရတာပါ။
“သန္ဓေသားမွေးမြူခြင်းအပေါ် ပိတ်ပင်ထားတာဟာ လတ်တလောအခြေအနေနဲ့ ရေရှည်မှာ ရောဂါတွေ ထိထိရောက်ရောက်ကုသဖို့အတွက် သုတေသနလုပ်ငန်းတွေကို နှောင့်နှေးအားနည်းစေပါတယ်” လို့ အစိုးရက ကြေညာချက်ထဲမှာ ဖော်ပြထားပြီး ကျင့်ဝတ်ဆိုင်ရာ အငြင်းပွားမှုတွေကနေလည်း ကင်းလွတ်တယ်လို့ ဆိုပါတယ်။
အခုလို မွေးမြူခြင်းမှာ ကန့်သတ်ထားတဲ့ အခြေအနေတစ်ချို့ ရှိနေဆဲ ဖြစ်တယ်လို့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။ ဓာတ်ခွဲခန်းလုပ် သန္ဓေသားကို မျိုးမအောင်ခြင်း၊ ဖန်ပြွန်သန္ဓေသား နည်းပညာ၊ မျိုးရိုးလိုက်တဲ့ ရောဂါ ဒါမှမဟုတ် မွေးရာပါရောဂါတွေနဲ့ ဆက်စပ်နေတဲ့ သုတေသနလုပ်ငန်းတွေမှာသာ အသုံးပြုရမယ်လို့ ဆိုပါတယ်။
အလားတူ မူဝါဒမျိုးကို ယခုနှစ်အတွင်း ဗြိတိန်နိုင်ငံမှာလည်း ကျင့်သုံးတော့မှာဖြစ်ပြီး မျိုးရိုးဗီဇပြုပြင်ထားတဲ့ လူ့သန္ဓေသားတွေကို ပထမဆုံးအကြိမ်အဖြစ် သုတေသနလုပ်ခွင့်လိုင်စင်ချပေးတော့မှာ ဖြစ်ပါတယ်။
Ref : RT
Leave a Reply
You must be logged in to post a comment.