ဇွန် ၁၊ ၂၀၁၆
M-Media

– ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပေဒကြမ်းကို ပြင်ဆင် ဖြည့်စွက်ချက်များဖြင့် အမျိုးသားလွှတ်တော်က ယမန်နေ့တွင် အတည်ပြုခဲ့ပြီး ထိုဖြည့်စွက်ချက်များတွင် လူအချင်းချင်း ခွဲခြားနှိမ့်ချခြင်း၊ ဂုဏ်သိက္ခာ ညှိုးနွမ်းစေခြင်းတို့ကို ရည်ရွယ်သည့် အပြောအဆို အပြုအမူများကို မပြုလုပ်ရဟူသည့် အပိုဒ်လည်း ပါဝင်ခဲ့သည်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက မေလ ၆ ရက်နေ့တွင် တင်သွင်းသည့် အဆိုပါ ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေး အစီရင်ခံစာရအရ ပြင်ဆင်၊ ဖြည့်စွက်မှုများ ပြုလုပ်ကာ အပိုဒ်တစ်ပိုဒ်စီနှင့် ဥပဒေကြမ်းတစ်ခုလုံးကို အမျိုးသားလွှတ်တော်က မေ ၃၁ ရက်နေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဥပဒေကြမ်း၏ လိုက်နာရမည့် စည်းကမ်းချက်များတွင် အပိုဒ် ၃ ပိုဒ်ကို ဖြည့်စွက်ခဲ့ပြီး အပိုဒ် (ဇ) တွင် လူသားအချင်းချင်း မတူကွဲပြားမှုကြောင့် ခွဲခြားနှိမ့်ချခြင်း၊ ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းတို့ကို ရည်ရွယ်သော အပြောအဆို အပြုအမူတို့ကို မပြုလုပ်ရဟု လည်းကောင်း၊ အပိုဒ် (ဈ) တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ ပြုလုပ်ရာတွင် ပါဝင်သူတစ်ဦးဦးအား ငွေကြေး သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာပေး၍ ပါဝင်စေခြင်း၊ ငွေကြေး သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာ လက်ခံ၍ ပါဝင်စေခြင်းတို့ မပြုလုပ်ရဟု လည်းကောင်း ဖော်ပြထားသည်။
အပိုဒ် (ည) တွင်မူ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ ပြုလုပ်ရာတွင် တစ်ဦးဦးအား ပါဝင်စေရန် ခြိမ်းခြောက်ခြင်း၊ အတင်းအကျပ်ပြုခြင်း၊ အနိုင့်အထက်ပြုခြင်း၊ မလျော်သြဇာသုံးခြင်း မပြုလုပ်ရဟုလည်း ဖြည့်စွက်ဖော်ပြထားသည်။
ထို့ပြင် ဥပဒေကြမ်းအား စကားရပ်ပြင်ဆင်ခြင်း၊ အပိုဒ်များ ပြောင်းလဲခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ပြီး အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ကာ ပြည်သူ့လွှတ်တော်သို့ ဆက်လက် ပေးပို့ရမည်ဖြစ်သည်။
Ref : Democracy Today
Leave a Reply
You must be logged in to post a comment.