ဇွန် ၁၄၊ ၂၀၁၆
M-Media
– ၂၀၁၄ ကမ္ဘာ့ဖလားတွင် စောစီးစွာ ထွက်ခွာခဲ့ရသည့် ဒဏ်ရာအား ကုသရေး ရည်ရွယ်ထားရာတွင် မိမိတို့၏အာရုံစိုက်မှုလမ်းကြောင်းလွဲ၍မရဟု အီတလီနည်းပြ အန်တိုနီယို ကွန်တီက ပြောကြားလိုက်သည်။
ယူရို ၂၀၁၆ အုပ်စု G အဖွင့်ပွဲစဉ်အဖြစ် ယနေ့မနက်က ကစားခဲ့သည့် ဘယ်လ်ဂျီယံနှင့်ပွဲစဉ်တွင် အီတလီမှာ ဗိုလ်စွဲရန်ရေပန်းစားနေသည့် အသင်းများစာရင်းတွင် ပါဝင်သော ဘယ်လ်ဂျီယံအသင်းကို ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိအောင် ကစားနိုင်ခဲ့သည်။
ထိုနိုင်ပွဲကြောင့် အီတလီမှာ ယူရိုတွင် အောင်မြင်မှုရမည်ဟု တစ်ပေးခြင်းခံထားရသည့်စာရင်းတွင် ပါဝင်လာနိုင်သည်ဆိုသည့် ပြောကြားချက်များကို ကွန်တီက ငြင်းဆိုခဲ့သည်။
“တစ်ပွဲလောက်နဲ့ လူတွေရဲ့ သုံးသပ်မှုကို ပြောင်းလဲနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့ အခု ဗိုလ်စွဲနိုင်တော့မယ်လို့ ပြောတဲ့သူဟာ ဘောလုံးအကြောင်း ဘာမှ နားမလည်တဲ့သူပဲ ဖြစ်ပါလိမ့်မယ်။ ကမ္ဘာ့ဖလားကနေ ရရှိခဲ့တဲ့ဒဏ်ရာက အခုအချိန်အထိ မကျက်သေးပါဘူး။ အဖွင့်ပွဲစဉ်မှာ ကျွန်တော်တို့ ကစားပုံကောင်းခဲ့ပြီးတဲ့နောက် အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ လွန်ခဲ့ ၂ နှစ်က ဒီအတွေ့အကြုံဟာ အခုအချိန်အထိ ရိုက်ခတ်နေတုန်းပါပဲ။ ယူရိုမှာ ကျွန်တော်တို့ ၁၆ သင်းအဆင့်ကို ရောက်ချင်ပြီး ထိုက်တန်တဲ့နေရာ ရရှိတဲ့အထိ ရှေ့ဆက်သွားချင်ပါတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.