News @ M-Media

တူရကီလေဆိပ် အကြမ်းဖက်တိုက်ခိုက်မှု IS လက်ချက်ဖြစ်နိုင်

ဇွန် ၂၉၊ ၂၀၁၆
M-Media

turkey

– ယမန်နေ့ညနှောင်းပိုင်းက ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၃၆ ဦးသေဆုံးခဲ့သော အစ္စတန်ဘူလ်ရှိ Ataturk လေဆိပ်တိုခိုက်မှုမှာ IS အကြမ်းဖက်အဖွဲ့က ပြုလုပ်သည့် တိုက်ခိုက်မှု ဖြစ်နိုင်ဖွယ်ရှိသည်ဟု တူရကီဝန်ကြီးချုပ် ဘီနာလီ ယီလ်ဒီရင်မ်က ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုတွင် အနည်းဆုံး အသေခံဗုံးခွဲသမား ၃ ဦး ပါဝင်ခဲ့သည်။

“နောက်ဆုံးရရှိတဲ့သတင်းတွေအရ လူပေါင်း ၃၆ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုကို ကြိုးကိုင်သူတွေဟာ IS အဖွဲ့ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တွေ့ရှိချက်တွေက ဖော်ပြနေပါတယ်” ဟု ၀န်ကြီးချုပ်က မီဒီယာများကို ပြောကြားခဲ့သည်။

ထို့ပြင် တိုက်ခိုက်မှုအတွင်း အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ယီလ်ဒီရင်မ်က ပြောကြားခဲ့ပြီး အခြားတာဝန်ရှိသူများကမူ ဒဏ်ရာရသူအရေအတွက်မှာ ၆၀ မှ ၁၅၀ နီးပါး ရှိသည်ဟု ဆိုသည်။

တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့မှ တာဝန်ယူခြင်းမရှိသေးဘဲ လေဆိပ်သို့ တက္ကဆီဖြင့် လာရောက်ခဲ့သည့် တိုက်ခိုက်သူများ မည်သူမည်ဝါဖြစ်ကြာင်း ဖော်ထုတ်ရန် ကြိုးစားနေသည်ဟု ၀န်ကြီးချုပ်က ထပ်လောင်းပြောဆိုခဲ့သည်။

တိုက်ခိုက်သူများမှာ လေဆိပ်အစောင့်များကို သေနတ်ဖြင့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ရှေ့ဆင့်နောက်ဆင့် အသေခံဗုံးခွဲခဲ့ကြခြင်းဖြစ်သည်။ တူရကီသမ္မတ အာဒိုဂန်ကလည်း အကြမ်းဖက်ဝါဒကို ပူးပေါင်း တိုက်ဖျက်ကြရန် တိုက်ခိုက်မှုအပြီးတွင် တိုက်တွန်းခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply