ဇူလိုင် ၂၊ ၂၀၁၆
M-Media
– မြို့နယ်အတွင်း လုယက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ပြည်သူများက အဓိက လမ်းများတွင် လုံခြုံရေးကင်မရာများတပ်ဆင်ရန် စီစဉ်နေသည်ဟု သိရသည်။
စမ်းချောင်းမြို့နယ်ရှိ ခတ္တာလမ်းတစ်ခုတည်းမှာပင် ပြီးခဲ့သည်လအတွင်းက လုယက်ဓားပြတိုက်မှု ၃ ခုဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ လုံခြုံရေးကင်မရာများ တပ်ဆင်ရန် ဆောင်ရွက်လာခြင်းဖြစ်ပြီး ခတ္တာလမ်းနှင့် ခမာလမ်းတို့တွင် တပ်ဆင်သွားမည်ဖြစ်သည်။
အဆိုပါ အစီအစဉ်အတွက် ဒေသခံပြည်သူများက ငွေကြေးစိုက်ထုတ်ခြင်းဖြစ်သည်။ သီရိခေမာရပ်ကွက်မှ တာဝန်ရှိသူတစ်ဦးကမူ ထိုကဲ့သို့ တပ်ဆင်ခြင်းမှာ ရာဇ၀တ်မှုများကို ဖြေရှင်းရာတွင် သဲလွန်စ ရရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“အဲဒီလမ်းနှစ်ခုမှာ ကိုယ့်ခြံ၊ ကိုယ့်ဝင်းနဲ့ နေကြတဲ့သူတွေပဲရှိတော့ လမ်းသွားလမ်းလာ နည်းပါတယ်။ လမ်းဟိုဘက်ထိပ်က ရထားလမ်းမှာ လုယက် ဓားပြတိုက်မှုတွေ တော်တော်များများဖြစ်လေ့ရှိပါတယ်။ အဲဒီလို ရာဇ၀တ်မှုတွေ ဖြစ်နေတာကြောင့် ကျွန်တော်တို့ဟာ လုံခြုံရေးကင်မရာတွေကို တပ်ဆင်တာပါ”
သီရိခေမာရပ်ကွက်မှာ ရန်ကုန်မြို့တွင် ရပ်ကွက်နေပြည်သူများ၏ ငွေကြေးစိုက်ထုတ်မှုဖြင့် လုံခြုံရေးကင်မရာတပ်တပ်ဆင်သော ပထမဆုံးရပ်ကွက် ဖြစ်လာမည်ဖြစ်သည်။
စမ်းချောင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကမူ ထိုကဲ့သို့ လုံခြုံရေးကင်မရာ တပ်ဆင်ရန် မိမိတို့က ညွှန်ကြားခြင်းမရှိကြောင်း၊ ရာဇ၀တ်မှုအဖြစ်များသော ရပ်ကွက်များတွင် ၎င်းတို့၏ ကိုယ်ပိုင်စိုက်ထုတ်ငွေဖြင့် တပ်ဆင်မည်ဟု သိရကြောင်း ပြောကြားခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် ရာဇ၀တ်မှုများ မြင့်တက်လာသည်ဟု ယုံကြည်ရသော်လည်း အစိုးရ၏ ကိန်းဂဏန်းများအရ လှိုင်သာယာ၊ ရွှေပြည်သာနှင့် အင်းစိန်မြို့နယ်များမှာ ရာဇ၀တ်မှုများ အဖြစ်များဆုံး ဒေသများဖြစ်သည်ကို တွေ့ရသည်။
Ref: Yangon.coconuts


Leave a Reply
You must be logged in to post a comment.