သြဂုတ် ၅၊ ၂၀၁၆
M-Media
– ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ တူရကီစစ်တပ်က အာဏာသိမ်းမှုအတွင်းမှာ သမ္မတအာဒိုဂန်ကအနေနဲ့ လုပ်ကြံမှုတွေကနေ အံ့သြဖွယ်လွတ်မြောက်သွားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့က အဲဒီအာဏာသိမ်းမှုဖြစ်စဉ်အတွင်း အာဒိုဂန်ဟာ မိသားစုနဲ့အတူ နိုင်ငံအတွင်းက မာမာရစ်ဆိုတဲ့ မြို့လေးမှာ ခရီးထွက်နေခဲ့တာပါ။
အာဏာသိမ်းပြီးဆိုတဲ့သတင်း ကြားကြားချင်း အမြန်ပြန်လာခဲ့တဲ့ အာဒိုဂန်ရဲ့လေယာဉ်ကို ပစ်ချဖို့ အာဏာသိမ်းအဖွဲ့က လွှတ်လိုက်တဲ့ F-16 တိုက်လေယာဉ်တစ်စင်းဟာ တွေ့ရှိခဲ့ပေမယ့် ဆီကုန်မယ့်အန္တရာယ် ရင်ဆိုင်ခဲ့ရတဲ့အတွက် လေတပ်စခန်းကို ပြန်လှည့်ခဲ့ရပြီး အာဒိုဂန်ကလည်း အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်လို့ အစိုးရလိုလားတဲ့ Yeni Safak သတင်းစာက ဖော်ပြခဲ့ပါတယ်။
ပစ်ချဖို့ ပျံသန်းလာတဲ့လေယာဉ်ရဲ့ ရေဒါမှာ အာဒိုဂန်စီးနင်းလာတဲ့ လေယာဉ် ပေါ်လာတဲ့အထိ နီးကပ်ခဲ့တာဖြစ်ပေမယ့် ဒုံးကျည်နဲ့ ပစ်နိုင်တဲ့အကွာအဝေးမရောက်ခင် ဆီမလောက်တော့တာကြောင့် လေယာဉ်မှူးဟာ စစ်ဆင်ရေးကို ဖျက်သိမ်းခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
အာဒိုဂန်ရဲ့လေယာဉ်ကို ပစ်ချဖို့သွားတဲ့ ဒီ F-16 လေယာဉ်တွေဟာ တစ်စီးတည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဘာ့ကြောင့် မပစ်ခဲ့လဲဆိုတာကို အခုအချိန်အထိ မသိသေးဘဲ ဒီကိစ္စနဲ့ပတ်သက်ပြီး သိရှိထားတဲ့ တူရကီ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူဟောင်းကတော့ ဒါဟာ ‘နားမလည်နိုင်တဲ့ ကိစ္စ’ လို့ ဖွင့်ဟခဲ့ပါတယ်။
“အာဒိုရဲ့ဂန်လေယာဉ် အစ္စတန်ဘူလ်ကို ပြန်လာနေတဲ့အချိန်မှာ F-16 တိုက်လေယာဉ် ၂ စင်းလောက်က ဟန့်တားခဲ့ကြတာပါ”
အာဒိုဂန်ဟာ အာဏာသိမ်းတဲ့ကိစ္စမှာ ဒီတစ်ကြိမ်သာ အသက်အန္တရာယ်နေ လွတ်မြောက်ခဲ့တာ မဟုတ်ပါဘူး။ မာမာရစ်မြို့က ဟိုတယ်တစ်ခုမှာ အနားယူနေစဉ်အတွင်း သူ့ကိုလုပ်ကြံမယ့်အဖွဲ့တွေ ရောက်မလာခင် လက်မတင်လေး လှည့်စားကာ ထွက်သွားနိုင်ခဲ့တယ်လို့ Yeni Safak က ထပ်ရေးထားပါသေးတယ်။
အစ္စတန်ဘူလ်ကို အာဒိုဂန်ရဲ့ အပြန်ခရီးကို အာဒိုဂန်စီးနင်းတဲ့ Gulfstream IV TC-ATA လေယာဉ်က အလျှို့ဝှက်ဆုံး စီစဉ်ခဲ့တာဖြစ်ပြီး အဲဒီခရီးစဉ်အတွက် ဘာသတင်းအချက်အလက်မှ ထွက်မလာခဲ့ပါဘူး။
ပြန်လာနေစဉ်အတွင်းမှာ လေယာဉ်လမ်းကြောင်းကို အဇ်မီရ်ဆိုတဲ့မြို့လေးကို ပြောင်းခဲ့ရပြီး အစ္စတန်ဘူလ်လေယာဉ်ကွင်းမှာ စိတ်ချရပြီဆိုမှ ဇူလိုင် ၁၆ ရက်နေ့ အာရုဏ်မတက်ခင်လေးမှာ ဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီလိုစီစဉ်မထားတဲ့ လမ်းကြောင်းပြောင်းမှုကို ‘လေထဲကဒုက္ခ’ လို့တောင် နာမည်ပေးခဲ့တယ်လို့ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
မာမာရစ်မြို့လေးကနေ မိမိထွက်ခွာပြီးတဲ့နောက်မှာ အာဏာသိမ်းမှုကို စီစဉ်နေတဲ့သူတွေက အဲဒီမြို့လေးက နေရာအချို့ကို ဗုံးကြဲခဲ့တယ်လို့ အာဒိုဂန်က Reuters သတင်းဌာနကို ပြောကြားခဲ့ပြီး သူ့ကိုရှာပြီးသက်ဖို့ တပ်ဖွဲ့ဝင် ၂၅ ဦးကိုလည်း ရဟတ်ယာဉ်နဲ့ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ဘီနာလီ ယီလ်ဒီရင်မ်ကို အစ္စတန်ဘူလ်မှာ လုပ်ကြံဖို့ အာဏာသိမ်းအဖွဲ့က စီစဉ်ခဲ့ပေမယ့် လွတ်မြောက်ခဲ့ပါတယ်။
ဇူလိုင် ၁၅ ရက်နေ့ညက ဖြစ်ပွားခဲ့ပြီး မအောင်မြင်တဲ့ အဲဒီအာဏာသိမ်းမှုမှာ လူပေါင်း ၂၅၀ နီးပါးလောက် သေဆုံးခဲ့ပြီး ၂၀၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းမှုကို စီစဉ်သူတွေထဲမှာတော့ အနာတရဖြစ်သူ မရှိဘူးလို့ တူရကီအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
Ref: RT
Leave a Reply
You must be logged in to post a comment.