သြဂုတ် ၇၊ ၂၀၁၆
M-Media
– ဆီးရီးယားနိုင်ငံ၌ သူပုန်များ ထိန်းချုပ်ထားသည့် အစ်ဒ်လစ်ဘ်ပြည်နယ် အစ်ဒ်လစ်ဘ်မြို့မှ ဆေးရုံတစ်ရုံကို လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ယမန်နေ့က တိုက်ခိုက်ခံရခြင်းဖြစ်ပြီး သေဆုံးသွားသူများတွင် ကလေးငယ် ၃ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ ပါဝင်ကာ လူအများအပြားမှာ စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ ပျက်ဆီးယိုယွင်းမှုလည်း အလွန်ကြီးမားပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှာ ရှာဖွေကယ်ဆယ်မှုများကို ပြုလုပ်နေကြသည်။
ရုရှားနှင့် ဆီးရီးယးအစိုးရတပ်များက သူပုန်များကို ဗုံးကြဲမှုများ ပြုလုပ်နေသည့် ဆီးရီးယားတွင် ဆေးဘက်ဆိုင်ရာ အဆောက်အဦးများမှာ မကြာခဏ တိုက်ခိုက်ခံနေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့များကမူ ထိုကဲ့သို့ တိုက်ခိုက်မှုများကို ရပ်တန့်ရန် တိုက်တွန်းနေကြသည်။
အတိုက်အခံများကမူ ရုရှားနှင့် ဆီးရီးယားတပ်များမှာ ထိုကဲ့သို့ တမင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဇူလိုင်လအတွင်းမှာပင် ဆီးရီးယား၌ ဆေးဘက်ဆိုင်ရာ အဆောက်အဦးများ တိုက်ခိုက်ခံရမှုမှာ ၄၃ ကြိမ် ရှိခဲ့သည်။
အစ်ဒလစ်ဘ်တွင်ဖြစ်ခဲ့သည့် ယမန်နေ့ တိုက်ခိုက်မှုကိုမူ မည်သူက ပြုလုပ်ကြောင်း အတိအကျ မသိရှိရသေးပေ။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.