စက်တင်ဘာ ၇၊ ၂၀၁၆
M-Media
– မလေးရှားတွင် ဇီကာကူးစက်သည့် ပထမဆုံး ကိုယ်ဝန်ဆောင်အမျိုသမီး ရှိနေကြောင်းကို မလေးရှား ကျန်းမာရေးဝန်ကြီး အက်စ် ဆူဘရာမာနီယမ်က ယနေ့တွင် အတည်ပြု ပြောကြားလိုက်သည်။
၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့ခြင်းဖြစ်ပြီး ရောဂါကူးစက်နေသူမှာ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးဖြစ်ကာ ကိုဝန် ၃ လရှိနေပြီး ထိုကိုယ်ဝန်မှာ ၎င်း၏ သားဦးဖြစ်သည်ဟု ဆိုသည်။ ထိုအမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူတို့မှာ ကိုက်ခဲခြင်း၊ အဖုအပိန့်များ ထွက်ခြင်းနှင့် အဖျားတက်ခြင်းတို့ကဲ့သို့ ဇီကာရောဂါ လက္ခဏာများကို စက်တင်ဘာ ၂ ရက်နေ့ကတည်းက ခံစားခဲ့ရခြင်း ဖြစ်သည်။
အမျိုးသမီးအား အစိုးရဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးခဲ့ပြီးနောက် ယမန်နေ့တွင် ဇီကာဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ဝန်ကြီးကမူ ထိုအမျိုးသမီးမှာ လွန်ခဲ့သည့် ၆ လက စင်ကာပူသို့ သွားရောက်ခဲ့ပြီး ခင်ပွန်းဖြစ်သူကမူ စင်ကာပူတွင် ဇီကာကူးစက်နေသည့် ဒေသအဖြစ် သတ်မှတ်ခြင်းခံထားရသော နေရာနှင့် ကပ်လျပ်တွင်ရှိသည့် ဂေလန်းရပ်ကွက်အား ၎င်း၏ အလုပ်အတွက် နေ့စဉ်သွားရောက်နေကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ကြာသာပတေးနေ့တွင် မလေးရှားမှာ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပထမဆုံး ဇီကာဖြစ်ပွားနေကြောင်း အတည်ပြုနိုင်ခဲ့ပြီး စနေနေ့တွင် အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး ဇီကာဖြစ်ပွားမှုကို တွေ့ရှိခဲ့ကာ နိုင်ငံအတွင်း ပထမဆုံး ကူးစက်မှုလည်း ဖြစ်သည်။ သို့သော်လည်း ထိုအမျိုးသားမှာ နောက်ပိုင်းတွင် နှလုံးရောဂါကြောင့် သေဆုံးသွားခဲ့သည်။
မလေးရှား ကျန်းမာရေးဝန်ကြီးဌာနကမူ နိုင်ငံအတွင်း ဇီကာဖြစ်ပွားမှု အရေအတွက်မှာ မြင့်တက်လာဖွယ် ရှိနေသည်ဟု ခန့်မှန်းထားသည်။
Ref: Channelnewsasia
Leave a Reply
You must be logged in to post a comment.