ဧပြီ ၉၊ ၂၀၁၇
M-Media

– အီဂျစ်နိုင်ငံ မြို့နှစ်မြို့ရှိ ကော့ပတစ် ခရစ်ယာန်ဘုရားကျောင်းများတွင် ယနေ့ ၀တ်ပြုဆုတောင်းသည့်အချိန်၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားသောကြောင့် အနည်းဆုံး လူ ၃၀ ကျော် ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ပထမတိုက်ခိုက်မှုမှာ နိုင်းမြစ်ဝှမ်း တန်နာမြို့ရှိ စိန့်ဂျော့ဂ်ျ ခရစ်ယာန်ဘုရားကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး ၂၅ ဦး သေဆုံးကာ ၆၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက် နာရီအနည်းငယ်အကြာတွင် အလက်ဇန်းဒရီးယားရှိ စိန့်မာ့က်ဘုရားကျောင်း၌ ဗုံးပေါက်ကွဲခဲ့ပြီး အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ကာ ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်။
ယနေ့မှာ ခရစ်ယာန်တို့၏ Palm ပွဲတော်နေ့ဖြစ်ပြီး ဘုရားကျောင်းများ၌ ၀တ်ပြုသူများ ပြည့်နှက်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုများအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးပေ။
အီဂျစ်နိုင်ငံတွင် ခရစ်ယာန်များမှာ နိုင်ငံ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာရှိသည့် လူနည်းစုများဖြစ်ပြီး ယခုနောက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့များ၏ ပစ်မှတ်ထားခြင်းကို ခံလာရသည်။
ဒီဇင်ဘာလကလည်း ကိုင်ရိုရှိ အကြီးဆုံး ကော့ပတစ်ဘုရားကျောင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၂၅ ဦး သေဆုံးကာ၊ ၄၉ ဦး ဒဏ်ရာရရှိခဲ့သည်။
Ref: Aljazeera