News @ M-Media

မူးယစ်နှိမ်နှင်းမှုအတွင်း အသတ်ခံရသူများအတွက် တရားမျှတမှုမပေးဟု ဒူတာတေးပြော

ဇွန် ၁၉၊ ၂၀၁၈
M-Media

– သူ့ရဲ့ မူးယစ်နှိမ်နှင်းမှုအတွင်း သေဆုံးသွားသူ ထောင်ချီရဲ့ မိသားစုတွေအတွက် တရားမျှတမှုကို မပေးဘူးလို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက မနေ့မှာ ပြောကြားလိုက်ပါတယ်။

၂၀၁၆ ခုနှစ် ဇွန်လမှာ စတင်ခဲ့တဲ့ အဲဒီ မူးယစ်တိုက်ဖျက်ရေး နှိမ်နှင်းမှုအတွင်း ရဲတပ်ဖွဲ့လက်ချက်ကြောင့် လူပေါင်း ၄၂၀၀ လောက် သေဆုံးခဲ့ပြီး အမည်မသိတဲ့ သေနတ်သမားတွေကြောင့် သေဆုံးမှုဟာလည်း ထောင်ချီရှိခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ အဲဒီသေနတ်သမားတွေဟာ ပြည်သူ့စစ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လေ့လာဆန်းစစ်သူတွေက အဲဒီမူးယစ်နှိမ်နှင်းမှုအတွင်း သတ်ဖြတ်ခံရသူတစ်ချို့ဟာ သိမ်းကျုံးပြီး ခံလိုက်ရတာဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သံသယရှိသူတွေဟာ လက်နက်တွေကိုင်ဆောင်ကာ ဖမ်းဆီးမှုကို ခုခံတာကြောင့်ဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။

“မူးယစ်ဆေးသုံးတဲ့ နွားလိုကောင်တွေကို ဆုံးရှုံးရတဲ့အတွက် တရားမျှတမှုကို ရမယ်လို့ထင်နေရင်တော့ ဆောရီးပါ။ ကျွန်တော် ဒါကို ခွင့်ပြုမှာမဟုတ်ပါဘူး” လို့ ဒူတာတေးက ပြောကြားခဲ့ပါတယ်။

မူးယစ်ဆေးသုံးစွဲသူတွေ၊ ရောင်းချသူတွေကို သတ်ဖြတ်မှုအတွက် ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေ ထောင်ကျတာမျိုးကို ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

“မူးယစ်ဘုရင်တစ်ယောက်ကို ကျွန်တော်သာဆိုရင် ၅ ချက်လောက် ဆင့်ပစ်မှာပါ”

တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်မှုတွေ မြင့်တက်လာတဲ့အတွက်ကြောင့် ဒူတာတေးဟာ သူ့ရဲ့ မူးယစ်တိုက်ဖျက်ရေးကို ၂ ကြိမ်တိုင်တိုင် ရပ်တန့်ခဲ့ပါတယ်။

Ref: CNA