News @ M-Media

စစ်ရေးအတွက်အသုံးဝင်မည့် တံတားတစ်ခုကို အိန္ဒိယက တရုတ်နယ်စပ်နားတွင် ဖွင့်လှစ်

ဒီဇင်ဘာ ၂၆၊ ၂၀၁၈
M-Media

တံတားဖွင့်ပွဲတွင် ပြည်သူများကို နှုတ်ဆက်နေသည့် ၀န်ကြီးချုပ် နရန်ဒရာမိုဒီ

– အိန္ဒိယနိုင်ငံဟာ ရထားရော၊ ကားပါ သွားနိုင်တဲ့ တံတားတစ်စင်းကို မနေ့က အာသံပြည်နယ်မှာ ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲ အခမ်းအနားကို ၀န်ကြီးချုပ် နရန်ဒရာမိုဒီ တက်ရောက်ခဲ့ပါတယ်။

၎.၉ ကီလိုမီတာရှည်လျားရဲ့ အဲဒီ Bogibeel တံတားဟာ ဘရာမာပူထရာမြစ်ကိုဖြစ်ကာ ဆောက်လုပ်ထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀၀ ကုန်ကျခဲ့ကာ နှစ်ပေါင်း ၂၀ နီးပါး တည်ဆောက်ခဲ့ရပါတယ်။ Bogibeel တံတားဟာ အိန္ဒိယမှာ ကားရော၊ ရထားပါသွားနိုင်တဲ့ တံတားတွေထဲက အရှည်ဆုံးတံတားလည်း ဖြစ်ပါတယ်။

အာသံက ဒီဘရူဂါမြို့နားမှာ တည်ရှိတဲ့ ဒီတံတားဟာ တရုတ်နယ်စပ်နဲ့ ကပ်နေတဲ့ အရူနာချာလ် ပရာဒက်ရှ်ပြည်နယ်ကို တပ်ဖွဲ့တွေ စေလွှတ်ရာမှာ ပိုမို မြန်ဆန်စေမှာ ဖြစ်ပါတယ်။

အိန္ဒိယဟာ ၁၉၆၂ ခုနှစ် တရုတ်နဲ့စစ်ပွဲမှာ အရူနာချာလ် ပရာဒက်ရှ်က နယ်မြေအချို့ ဆုံးရှုံးခဲ့ရဖူးပါတယ်။

Bogibeel တံတားကို အိန္ဒိယရဲ့ အလေးဆုံး တန် ၆၀ တင့်ကားတွေ ဖြတ်သန်းနိုင်အောင် ဆောက်လုပ်ထားတာဖြစ်ပြီး၊ တိုက်လေယာဉ်တွေလည်း ဆင်းသက်နိုင်မှာ ဖြစ်ပါတယ်။

Bogibeel တံတားဟာ အာသံအမျိုးသားရေးအုပ်စုတွေရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုကို အဆုံးသတ်ဖို့ ၁၉၈၅ ခုနှစ်မှာ အိန္ဒိယအစိုးရက ချုပ်ဆိုခဲ့တဲ့ စာချုပ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က အာသံပြည်နယ်နဲ့ အရူနာချာလ် ပရာဒက်ရှ်တို့ကို ဆက်သွယ်တဲ့ ၉.၁ ကီလိုမီတာအရှည်ရှိတဲ့ Dhola-Sadiya တံတားကို ဖွင့်လှစ်ခဲ့ပြီး အဲဒီတံတားဟာလည်း အိန္ဒိယနိုင်ငံရဲ့ အရှည်ဆုံးတံတား ဖြစ်ပါတယ်။ Dhola-Sadiya တံတားကို ဆောက်တဲ့ ရည်ရွယ်ချက်မှာ ကာကွယ်ရေးရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။

Ref: Aljazeera