News @ M-Media

အိန္ဒိယတွင် လူနည်းစုများအပေါ် တိုက်ခိုက်မှု မြင့်တက်လာခြင်းအတွက် ကုလ သတိပေး

မတ် ၇၊ ၂၀၁၉
M-Media

– အိန္ဒိယနိုင်ငံအတွင်းမှာ ဇာတ်နိမ့် ဒါလစ်တွေအပါအ၀င် လူနည်းစုတွေအပေါ် ဖိနှိပ်မှု၊ အရှက်ရအောင်လုပ်မှု မြင့်တက်လာတဲ့အပေါ် ကုလ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက သတိပေးလိုက်ပြီး ဒီလို သွေးခွဲတဲ့ ပေါ်လစီတွေဟာ စီးပွားရေးတိုးတက်မှုကို ထိခိုက်စေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“လူနည်းစုတွေ – အထူးသဖြင့် မွတ်စလင်တွေ၊ ဒါလစ်နဲ့ အဒီဝါစစ်တို့လို့ သမိုင်းနဲ့ချီပြီး ဖယ်ကျဉ်ခံထားရတဲ့သူတွေကို ပစ်မှတ်ထားမှု၊ အရှက်ရအောင်လုပ်ဆောင်မှု တွေ မြင့်တက်လာတယ်ဆိုတဲ့ သတင်းတွေ ကျွန်မတို့ ရရှိနေပါတယ်” လို့ မနေ့က ဂျီနီဗာ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းတဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ လူ့အခွင့်အရေးအကြီးအကဲ မီချဲလ် ဘာချီလက်က ရေးသားထားပါတယ်။

အိန္ဒိယက အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဘာချီလက်ရဲ့ မှတ်ချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

“လူ့အခွင့်အရေးအကြီးအကဲရဲ့ အစီရင်ခံစာကို ကျွန်တော် ပယ်ချပါတယ်။ ဒါဟာ အိန္ဒိယရဲ့ပုံရိပ်ကို ဖျက်ဆီးဖို့အတွက် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ ဖြစ်ပါတယ်။ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ မွတ်စလင်တွအတွက် အကောင်းဆုံးနိုင်ငံဖြစ်ပြီး ဟိန္ဒူတွေကလည်း သူတို့အတွက် အကောင်းဆုံး မိတ်ဆွေတွေပါပဲ”

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International ရဲ့ အိန္ဒိယရုံးခွဲက ၂၀၁၈ ခုနှစ်အတွင်း ဖယ်ကျဉ်ခံ လူ့အဖွဲ့အစည်းတွေအပေါ် လက်ရောက်ကျူးလွန်မှု၊ အဓမ္မကျင့်မှု၊ သတ်ဖြတ်မှုတွေအပါအ၀င် အမုန်းအခြေခံ ရာဇ၀တ်မှုတွေဟာ စိုးရိမ်စရာကောင်းအောင် မြင့်တက်လာတယ်လို့ အင်္ဂါနေ့က သတိပေးခဲ့ပါတယ်။

မီဒီယာတွေမှာ ဖော်ပြခဲ့တာတွေကို စုစည်းမှုအရ ပြီးခဲ့တဲ့နှစ်အတွင်း အမုန်းအခြေခံ ရာဇ၀တ်မှုပေါင်း ၂၁၈ ခု ဖြစ်ပွားခဲ့ပြီး ဇာတ်နိမ့် ဒါလစ်တွေအပေါ် ကျူးလွန်မှု ၁၄၂ ခု၊ မွတ်စလင်တွေအပေါ် ကျူးလွန်မှု အခု ၅၀ ရှိတယ်လို့ Amnesty က ဆိုပါတယ်။

Amnesty India ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ အေကာ ပတေးလ်က အိန္ဒိယဥပဒေအရ အမုန်းဆောင် ရာဇ၀တ်မှုတွေကို သီးခြား ရာဇတ်မှုအဖြစ် သတ်မှတ်ခြင်းမရှိတာကြောင့် အရေးယူခံရမှုကနေ ကင်းလွတ်နေတယ်လို့ ပြောကြားခဲ့ပြီး၊ နိုင်ငံရေးသမားတွေ အနေနဲ့ ဒီလို ရာဇ၀တ်မှုတွေကို ပိုမိုရှုတ်ချပေးဖို့၊ ရဲတပ်ဖွဲ့ကလည်း အမုန်းဆောင်ရာဇ၀တ်မှု ဖြစ်လာနိုင်တဲ့ ခွဲခြားလှုံ့ဆော်မှုတွေကို ဖော်ထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Ref: Aljazeera