News @ M-Media

IS နှင့်သွားပေါင်းသူများကို ပြန်မခေါ်ဟု အင်ဒိုနီးရှားထုတ်ပြန်

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၀
M-Media

-အရှေ့အလယ်ပိုင်းကိုသွားပြီး IS အကြမ်းဖက်အဖွဲ့နဲ့ သွားပေါင်းသူတွေကို ပြန်ခေါ်မှာမဟုတ်ဘူးလို့ အင်ဒိုနီးရှားက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

IS အကြမ်းဖက်အဖွဲ့နဲ့ သွားရောက်ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသား အရေအတွက်ဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် ၆၈၉ ဦး လောက် ရှိနေတာပါ။ အင်ဒိုနီးရှား လုံခြုံရေးဆိုင်ရာဝန်‌ကြီး မဟ်ဖဒ် အမ်ဒီက ဒီလူတွေဟာ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“၂၆၇ သန်းသော အင်ဒိုနီးရှားပြည်သူတွေရဲ့ လုံခြုံရေးကို အစိုးရက တာဝန်ယူထားရတာပါ။ နိုင်ငံခြားက ဒီအကြမ်းဖက်သမားတွေ ပြန်ရောက်လာရင် အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်ပိုးတစ်ခု ဖြစ်လာပါလိမ့်မယ်”

သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံပြီးတဲ့နောက် မဟ်ဖဒ်ရဲ့ ဒီပြောကြားမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အသက် ၁၀ နှစ်၊ ၁၀ နှစ်အောက် ကလေးငယ်တွေကို ပြန်လည်ခေါ်ယူရေးအတွက်တော့ အစိုးရဟာ တစ်ဆင့်ချင်းစီ စဉ်းစားဆောင်ရွက်သွားမယ်လို့ သူက ဆိုပါတယ်။

အင်ဒိုနီးရှားဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း IS အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ခံခဲ့ရပြီး IS နဲ့သွားပေါင်းသူတွေကို ပြန်လည်လက်ခံသင့်လားဆိုတဲ့ ငြင်းခုံမှုတွေလည်း ရှိနေတာပါ။ သမ္မတ ဝီဒိုဒိုကတော့ အဲဒီသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ပြန်မခေါ်ချင်ဘူးလို့ အခုတစ်ပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

Ref: Aljazeera