News @ M-Media

စစ်ကောင်စီ၏ လုပ်ရပ်များကို မကြိုက်၍ တောင်ကိုရီးယားက စစ်တပ်ချင်း ဆက်ဆံရေးကို ရပ်ဆိုင်း

မတ် ၁၂၊ ၂၀၂၁
M-Media

ဆိုလ်းမြို့တွင် တောင်ကိုရီးယားပြည်သူများ မြန်မာနိုင်ငံအတွက် ဆန္ဒပြမှု

-အာဏာသိမ်းစစ်ကောင်စီနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းသွားမှာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ပေးအပ်နေတဲ့ အကူအညီတွေကိုလည်း ပြန်လည်သုံးသပ်သွားမယ်လို့ တောင်ကိုရီးယား နိုင်ငံက ပြောကြားလိုက်ပါတယ်။

ဒီလို ဆောင်ရွက်တာဟာ စစ်ကောင်စီက ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“တောင်ကိုရီးယားအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ပေမယ့် ရဲနဲ့ စစ်တပ်ရဲ့ ကြမ်းတမ်းတဲ့လုပ်ရပ်တွေကြောင့် ထိခိုက်ခံစားရသူ အရေအတွက်က တိုးသထက် တိုးလာပါတယ်” လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကာကွယ်ရေးဆိုင်ရာ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုတွေ ရပ်ဆိုင်းကာ၊ လက်နက်ရောင်းချမှုလည်း ပိတ်ပင်မှာဖြစ်သလို၊ မဟာဗျူဟာကျတဲ့ အခြား ပစ္စည်းတွေ တင်ပို့မှုကိုလည်း ကန့်သတ်သွားမယ်လို့ တောင်ကိုရီးယားက ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ ဖွံဖြိုးရေးဆိုင်ရာ အကူအညီတွေကို ပြန်လည်သုံးသပ်သွားမယ်လို့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေ တိုးတက်မှု မရှိမချင်း​ တောင်ကိုရီးယားမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို နေထိုင်ခွင့်ပေးမယ်လို့ တောင်ကိုရီးယားက ကြေငြာထားပါတယ်။

Ref: Reuters