News @ M-Media

​မြန်မာပြဿနာအတွက် အာဆီယံက အထူးအစည်းအဝေးတစ်ရပ် ကျင်းပမည်

ဧပြီ ၆၊ ၂၀၂၁
M-Media

-ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေအတွက် အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာမှာ အာဆီယံ အထူးအစည်းအဝေးတစ်ရပ် ကျင်းပသွားမယ်လို့ ဘရူးနိုင်းနဲ့ မလေးရှားတို့က မနေ့မှာ ထုတ်ပြန်ပါတယ်။

မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်နဲ့ အာဆီယံ ဥက္ကဌ ဘရူနိုင်းနိုင်ငံရဲ့ဘုရင် ဟာဆန်နယ် ဘိုကိုင်းယားတို့ ​တွေ့ဆုံပြီး မြန်မာကိစ္စအတွက် အာဆီယံနိုင်ငံတွေ အစည်းအဝေးတစ်ရပ်ကျင်းပဖို့၊ ဒီအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အစိုးရ တာဝန်ရှိသူတွေ လိုအပ်တာတွေ ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးကို အာဆီယံ အတွင်းရေးမှူးရုံးရှိရာ အင်ဒိုနီးရှားမှာ ပြုလုပ်မှာဖြစ်တယ်လို့ ခေါင်းဆောင်နှစ်ဦးရဲ့ ပူးတွဲကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ကျင်းပမယ့် ရက်အတိအကျကို ​မထုတ်ပြန်ပါဘူး။

မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းဖို့နဲ့ တည်ငြိမ်မှုရဖို့ဟာ အာဆီယံဒေသရဲ့ ကြီးမားတဲ့ အကျိုးစီးပွား​ ဖြစ်တယ်လို့ မိမိတို့ရှုမြင်ပြီး နိုင်ငံအတွင်း အခြေအနေ ဆိုးရွားလာတဲ့အတွက်လည်း စိုးရိမ်တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်တာတွေ လုပ်လာပြီးတဲ့နောက် ဒေသတွင်း သံတမန်ရေးရာမှာ အဓိကနေရာကနေ ပါဝင်နေတယ်ဆိုတဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကို မေးခွန်းထုတ်မှုတွေလည်း မြင့်တက်လာပါတယ်။

ဖေဖော်ဝါရီလအတွင်း အင်ဒိုနီးရှားဦးဆောင်ပြီး အာဆီယံက မြန်မာကိစ္စမှာ ကြားဝင်ဆောင်ရွက်ဖို့ ကြိုးစားခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီက လက်ခံခဲ့ခြင်း မရှိပါဘူး။

Ref: The Diplomat