News @ M-Media

ကျောက်မြတ်ထွက်ရာဒေသများကို စစ်ကောင်စီက ပိုမိုထိန်းချုပ်လာနေ

ဧပြီ ၂၂၊ ၂၀၂၁
M-Media

-နိုင်ငံမြောက်ပိုင်းက အဖိုးတန် ကျောက်မြတ်ရတနာထွက်ရာ ဒေသတွေကို စစ်ကောင်စီတပ်တွေက ပိုမိုထိန်းချုပ်လာနေပြီး သယံဇာတတွေကို ပိုမိုအမြတ်ထုတ်လာနိုင်တဲ့အန္တရာယ် ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး ကျောက်မြတ်တွင်းတစ်ခုဖြစ်ပြီး၊ တန်ဖိုးအကြီးဆုံး ရတနာတွေထွက်တဲ့ ကချင်ပြည်နယ် ဖားကန့်မှာ စစ်ကောင်စီက တပ်တွေကို အများအပြား ချထားကာ တစ်နိုင်တစ်ပိုင် တူးဖော်သူတွေ၊ ရေမဆေးကျောက် ရှာသူတွေကို တူဖော်ခွင့်၊ လုပ်ကိုင်ခွင့်မပေးတော့သလို ဒေသတွင်း ကျောက်မြတ်စျေးလည်း ဖွင့်လို့မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“နေရာတော်တော်များများက ကျောက်တူးဖို့ အန္တရာယ်ရှိတဲ့နေရာတွေ ဖြစ်ကုန်ပြီ။ လက် ဒါမှမဟုတ် စက်ငယ်တွေနဲ့ တူးလို့ရတဲ့နေရာ နည်းနည်းလေးပဲ ကျန်ပါတော့တယ်” လို့ Sut Naw (အမည်လွှဲ)က ပြောပါတယ်။

စစ်သားတွေ၊ ရဲတွေဟာ ကုမ္ပဏီကြီးတွေကို စောင့်ကြပ်နေပြီး လမ်းတွေမှာလည်း နေ့ရောညပါ လှည့်လည်ကာ လူတွေ၊ ကားတွေကို ရပ်တန့်ပြီး ကျောက်တွေ၊ အခြား တန်ဖိုးရှိပစ္စည်းတွေ ပါမပါ စစ်ဆေးကာ၊ ဖုန်းကိုလည်း ယူကြည့်တယ်လို့ သူက ပြောပါတယ်။

“သွေးစုပ်ဖုတ်ကောင်ကားတွေ ကျွန်တော် ကြည့်ဖူးတယ်ဗျ။ အဲဒီလို အနေအထားမျိုးမှာ ကျွန်တော် နေထိုင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားဘူး”

မြန်မာနိုင်ငံရဲ့ ကျောက်မြတ်လုပ်ငန်းကို စစ်တပ်က အုပ်စီး လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒီလုပ်ငန်းကရတဲ့ဝင်ငွေဟာ တစ်နှစ်ကို ကန်​ဒေါ်လာ ၃၁ ဘီလီယံလောက် ရှိတယ်လို့ ၂၀၁၅ ခုနှစ်မှာ နိုင်ငံတကာစောင့်ကြည့်အဖွဲ့ Global Witness က ထုတ်ပြန်ခဲ့ပါတယ်။

ဒီအကျိုးစီးပွားတွေကို စစ်ခေါင်းဆောင်တွေကသာ ရယူခံစားနေပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နိုင်တဲ့ အမြတ်ထုတ်မှုလို့လည်း Global Witness က သမုတ်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဟာ တိုင်းပြည်ရဲ့ သယံဇာတ ထုတ်ယူမှုလုပ်ငန်းကို လုံး၀ ထိန်းချုပ်ထားလိုက်ပြီး အမြတ်ထုတ်မှုလည်း ပိုမို မြင့်တက်လာလိမ့်မယ်လို့ Global Witness ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအကြံပေး ကီလ်ဒီယက်ဇ်က ပြောကြားခဲ့ပါတယ်။

“တိုင်းပြည်ရဲ့ သယံဇာတ ကြွယ်မှုဟာ လက်နက်ဝယ်ဖို့၊ ချမ်းသာအောင်နဲ့ အာဏာသက်ဆိုးရှည်အောင်လုပ်ဖို့ အချက်ပဲလို့ ရှုမြင်ပြီး ဒီလုပ်ငန်းကို ပိုထိန်းချုပ်ဖို့ စစ်တပ်က ထင်ရာစိုင်းတော့မယ့်အန္တရာယ် ကြီးကြီးမားမား ရှိနေပါပြီ”

Ref: Aljazeera