News @ M-Media

နျူစက်ရုံတိုက်ခိုက်ရန် အစ္စရေး၏ ကြံစည်မှုကို အီရန်တားဆီး

မတ် ၁၅၊ ၂၀၂၂

M-Media

-နိုင်ငံအရှေ့မြောက်ပိုင်းက နျူစက်ရုံကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးမယ့် အစီအစဥ်ကို ဖော်ထုတ်တားဆီးလိုက်နိုင်တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က ထုတ်ပြန်ပါတယ်။ 

ကွမ်မြို့က မြေအောက်မှာ ဆောက်လုပ်ထားတဲ့ Fordow နျူစက်ရုံဖြစ်ပြီး ယူရေနီယံသန့်စင်မှု လုပ်တဲ့နေရာပါ။ 

ယူရေနီယံသန့်စင်တဲ့ ဌာနမှာ အလုပ်လုပ်တဲ့ ၀န်ထမ်းတစ်ဦးကို အစ္စရေးက ငွေကြေးပေးထားတဲ့ အေးဂျင့်က ချဥ်းကပ်စည်းရုံးကာ တိုက်ခိုက်ဖို့ ကြံစည်တာဖြစ်တယ်လို့ အီရန်နိုင်ငံပိုင်သတင်းဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အစ္စရေးဟာ အေးဂျင့်ကို လုံခြုံတဲ့ လမ်းကြောင်းကနေ ဆက်သွယ်ပြောဆိုသလို ငွေသား၊ ဒဏ်ဂျစ်တယ်ငွေကြေးတွေနဲ့ ပေးချေတယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုကို မတ်လ ၂၀ ရက်နေ့မှာကျရောက်မယ့် ပါရှန်နှစ်ကူးမတိုင်ခင် လုပ်ဖို့ စီစဥ်ထားပြီး အသေးစိတ်ကို နောက်ပိုင်းကျရင် ထုတ်ပြန်မယ်လို့လည်း IRGC က ပြောပါတယ်။ 

အီရန်ဟာ လက်ရှိမှာ အင်အားကြီး ၆ နိုင်ငံနဲ့ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက် ပြန်လည်အသက်သွင်းဖို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ အစ္စရေးက ဒီဆွေးနွးမှုးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က အီရတ်မှာရှိတဲ့ အစ္စရေး မဟာဗျူဟာဌာနကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယယ်။ 

Ref: Aljazeera