News @ M-Media

ဂျီနိုဆိုက်ကျူးလွန်နေသည့် အစ္စရေးဟု ကာတာ ၀ေဖန်

ဒီဇင်ဘာ ၅၊ ၂၀၂၃

M-Media 


-ဒီကနေ့ စတင်ကျင်းပတဲ့ ပင်လယ်ကွေ့နိုင်ငံများအဖွဲ့ GCC အစည်းအ၀ေးမှာ ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီက အစ္စရေးကို ပြင်းပြင်းထန်ထန် ၀ေဖန်ပြောဆိုလိုက်ပါတယ်။ 

အစည်းအ၀ေး အဖွင့်မိန့်ခွန်းမှာ အလ်သာနီက အစ္စရေးဟာ နိုင်ငံရေး၊ လူသားချင်း စာနာထောက်ထားမှု တန်ဖိုးတွေ၊ ကျင့်၀တ်တွေအားလုံးကို ချိုးဖောက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

“အပြစ်မဲ့၊ လက်နက်မဲ့ အရပ်သားတွေကို အစီစဥ်ချပြီး၊ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတဲ့ အစ္စရေးရဲ့ စက်ဆုပ်ဖွယ်ရာ ရာဇ၀တ်မှုတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ခွင့်ပြုနေတာဟာ ဂုဏ်သိက္ခာမဲ့ရာ ကြပါတယ်။ အစ္စရေးဟာ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်နေတာဖြစ်ပါတယ်” 

ပါလက်စတိုင်းတွေကိုတော့ အလ်သာနီက ချီးကျူးပြောဆိုခဲ့ပါတယ်။ ပါလက်စတိုင်းတွေဟာ သူတို့ရဲ့ တရားသော ကြိုးပမ်းမှုအပေါ် မမှိတ်မသုန် ရပ်တည်နေနိုင်တာကို ချီးကျူးရမှာဖြစ်ပြီး၊ ရေရှည်တည်တံ့မယ့် ပြည့်၀တဲ့ အပစ်ရပ်ရေး ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း ကာတာခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

GCC အစည်းအ၀ေးကို ပင်လယ်ကွေ့နိုင်ငံက ခေါင်းဆောင်တွေအပြင် တူရကီသမ္မတ အာဒိုဂန်လည်း တက်ရောက်နေပါတယ်။  

Ref: Aljazeera