News @ M-Media

ဂါဇာက ဘေးကင်းဇုန်တစ်ခုကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်၊ လူ ၉၀ သေဆုံး

ဇူလိုင် ၁၄၊ ၂၀၂၄
M-Media

(ဓာတ်ပုံ – အလ်မာ၀ါစီ စခန်း တိုက်ခိုက်ခံရမှုမှ သေဆုံးသွားသည့် ကလေးငယ်တစ်ဦး၏ စျာပန)

-ဂါဇာကမ်းမြှောင်က အလ်မာ၀ါစီ ဒုက္ခသည်စခန်းကို အစ္စရေးက ဇူလိုင် ၁၃ ရက်နေ့မှာ အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီး လူ ၉၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၈ သောင်းလောက် အလ်မာ၀ါစီ စခန်းမှာ ခိုလှုံနေရတာပါ။ အစ္စရေးကိုယ်တိုင်က ဒီစခန်းကို ဘေးကင်းဇုန်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

တိုက်လေယာဥ်တွေ၊ ဒရုန်းတွေသုံးကာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ အရေအတွက်က ၃၀၀ ထက်မနည်း ရှိပါတယ်။ တိုက်ခိုက်မှုကြောင့် ပျက်ဆီးပြိုကျသွားတဲ့ အဆောက်အဦးတွေအောက် ပိတ်မိနေသူ အများအပြား ရှိနေပြီး သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် ပိုမိုများပြားနိုင်တယ်လို့ ဂါဇာ ကျန်းမာရေးတာ၀န်ရှိသူတွေက ပြောပါတယ်။

၉ လကျော်အတွင်း အစ္စရေးဟာ ဂါဇာမှာ လူပေါင်း ၃၉၀၀၀ နီးပါး သတ်ဖြတ်ထားပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

Ref: Aljazeera