News @ M-Media

ဂါဇာတွင် သေဆုံးသူ ပါလက်စတိုင်းဦးရေ ထုတ်ပြန်ထားသည်ထက် ပိုများနေ

ဇွန် ၂၉၊ ၂၀၂၅
M-Media

(ဓာတ်ပုံ – အစ္စရေးက ဖျက်ဆီးထားသည့် ဂါဇာမြင်ကွင်း)

၂၀၂၄ ခုနှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာကမ်းမြှောင်က အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ သေဆုံးသူ ပါလက်စတိုင်း အရေအတွက်ဟာ ၁ သိန်းနီးပါး ရှိတယ်လို့ အစ္စရေးသတင်းစာ Haaretz က ဇွန် ၂၇ ရက်နေ့မှာ ဖော်ပြပါတယ်။

ဒါဟာ ကမ်းမြှောင်တစ်ခုလုံးမှာရှိတဲ့ လူဦးရေရဲ့ ၄ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။ ဂါဇာ ကျန်းမာရေး၀န်ကြီးဌာနက သူတို့ ကောက်ယူရရှိတဲ့ စာရင်းအရ သေဆုံးသူအရေအတွက်ဟာ ၅၆၃၀၀ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Haaretz သတင်းစာက အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်က မြင့်မားသလို၊ စစ်ပွဲနဲ့ အစ္စရေးရဲ့ ပိတ်ဆို့မှုနောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါထူပြောမှုတို့ကြောင့် သေဆုံးရသူ အရေအတွက်ကလည်း မြင့်မားတယ်လို့ ဖော်ပြခဲ့ပါတယ်။

လန်ဒန်တက္ကသိုလ် Holloway College က ပဋိပက္ခလေ့လာမှုဆိုင်ရာ ကျွမ်းကျင်သူ ပရော်ဖက်ဆာ မီခေလ်း စပါဂတ်ရဲ့ လေ့လာဆန်းစစ်မှုကို သတင်းစာက ကိုးကားဖော်ပြခဲ့တာဖြစ်ပါတယ်။

လေ့လာမှုအရ ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးမှုနှုန်းဟာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ၊ စစ်ပွဲတွေမှာ အမြင့်မားဆုံး ဖြစ်တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

“လူဦးရေရဲ့ ၄ ရာခိုင်နှုန်းလောက် အသတ်ခံရတာမျိုးပါ။ ၂၁ ရာစုမှာ ဒီလောက် သတ်ဖြတ်မှုနှုန်း မြင့်မားတာမျိုး နောက်တစ်ခု ထပ်ရှိလားဆိုရင် မသေချာပါဘူး”

Ref: Anadolu