ဧပြီ ၆၊ ၂၀၁၃
M-Media
သတင်း – ပသီဆောင်းနှင်းမှုံ
သဘာပတိ ဦးခင်မောင်ချိုမှ အဖွင့်အမှာစကား ပြောကြားရာတွင် “ အခု ဒီပွဲက အမှန်တကယ်တော့ လူငယ်တွေက စခဲတဲ့ ပွဲပါ။ မွတ်စလင် လူငယ်ကွန်ယက် ၂၀ကျော်က ပါဝင်ပါတယ်။ ဘာသာရေး အသင်းအဖွဲ့တွေ အားလုံးစုပေါင်းပြီး ကျွန်တော်တို့ တွေ့ကြုံနေရတဲ့ ကိစ္စများကို အားလုံး တိုင်ပင်ကြတဲ့ သဘောပါ။ ဒီလူငယ်တွေဟာ ခေါင်းစဉ်တွေကို ရွေးကြတာ တော်တော်လေး လေးနက်ပါတယ်။ ခေါင်းစဉ်တွေက တရားဥပဒေ စိုးမိုးရေး၊ အခြေခံ ဥပဒေနဲ့ ပတ်သပ်တဲ့ ကိစ္စ၊ အမုန်းတရား ရပ်ဆိုင်းရေး ကိစ္စ အဲဒီကနေ ဆက်ပြီးတော့ မြန်မာမွတ်လင် တစ်ပြည်လုံး အတိုင်းအတာနဲ့ ညီလာခံ တစ်ရပ် ခေါ်ဖို့အထိ ရှိပါတယ်။ တရားဥပဒေ စိုးမိုးမှု့နဲ့ ပတ်သပ်ပြီး ကြည့်လိုက်မယ် ဆိုရင် အားလုံးတွေ့ကြုံ ခံစားခဲ့ရတဲ့ အခြေအနေတွေက တိုင်းတစ်ပါးကနေ ကျွန်တော်တို့ကို စစ်ကျူးကျော် တိုက်ခိုက်နေတဲ့ အခြေအနေလည်း မဟုတ်ပါဘူး၊ ပြည်တွင်းစစ် ဖြစ်နေတာလည်း မဟုတ်ပါဘူး၊ သူပုန်ထလို့ ဒီလို ဖြစ်တာလည်း မဟုတ်ပါဘူး၊ ကျွန်တော်တို့မှာ လွှတ်တော်တွေလည်း ရှိတယ်၊ အစိုးရလည်း ရှိတယ်၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေလည်းရှိတယ်၊ ဒီလို အခြေနေမှာ အင်မတန် ကြမ်းတမ်းတဲ့ အကြမ်းဖက်မှုကို ကြုံတွေ့ရတယ်၊ ဒါနဲ့ပတ်သက်ပြီး လူငယ်တွေဟာ သူတို့သိထားတဲ့ လေ့လာထားတဲ့ဟာတွေ အားလုံးကို တင်ပြမှာဖြစ်ပါတယ်၊ စနစ်တကျ ဥပဒေဘောင် အတွင်းကနေ နိုင်ငံတော်ကို တင်ပြပြီးတော့ ကောင်းမွန်တဲ့ အခြေအနေကို ဖြစ်အောင် ဒီလိုကြိုးပမ်းကြတဲ့ သဘောပါ၊ တရားဥပဒေစိုးမိုးရေး ဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံသားတွေဆိုတာ ခွဲခြားမှု မရှိပါဘူး၊ ၂၀၀၈ခုနှစ် အခြေခံဖွဲ့စည်းပုံ ဥပဒေမှာ ပုဒ်မ၂၁(က)မှာ နိုင်ငံသားတွေအားလုံးဟာ အတူတူပဲ လွတ်လပ်မှုမှာလည်းအတူတူပဲ၊ တန်းတူညီမျှးမှု မှာလဲအတူတူပဲ၊ တရားမျှတမှုမှာလည်း အတူတူပဲ၊ အဲဒါ ပုဒ်မ ၂၁(က) မှာပြဌာန်းထားပါတယ်၊ ၂၁(က) ဆိုတာအလွန်လေးနက်ပါတယ်၊ ဒါဟာ အခြေခံမူထဲက ပုဒ်မတစ်ခုပါ၊ ၂၁(က) အရ နိုင်ငံသားတိုင်းမှာ ညီမျှတဲ့ တရားမျှတမှု ရှိဖို့လိုပါတယ်၊ အခု ဂျာနယ်တွေမှာ ရေးနေကြပြီ နောက်ကွယ်မှာ အဖွဲ့အစည်း တစ်ခုရှိတယ်၊ ဒါဟာနိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်တာ ကျွန်တော်တို့ဟာ ခုတုံးလုပ်ခံရတဲ့ ဘ၀မျိုးရောက်နေပါတယ်၊ ဒါတွေလည်းပဲ ဆက်လက်ပြီး စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်ဖို့လိုပါတယ်၊ ပုဒ်မ ၄၀၇ ၇(က) မှာ ဘာသာရေးကို နိုင်ငံရေးကိစ္စ အတွက် အလွဲသုံးစား မလုပ်ရဘူး အဲဒါအခြေခံ ဥပဒေမှာပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
တက်ရောက်လာသူ ဧည်သည်တော်များမှ မန္တလေးမှ တက်ရောက်လာသူတစ်ဦးဖြစ်သော ဦးအောင်ဇော်ဝင်း မှ အမှတ်တရ အမှာစကားပြောကြားရာတွင် “အားလုံးကို ကျွန်တော်စကား ၃ခွန်းပြောချင်ပါတယ်၊ နံပါတ်တစ် အနေနဲ့ ကျွန်တော်တို့ အခုရောက်နေကြတဲ့ အကြောင်းအရင်း ကိစ္စ ရင်ထဲမှာ အားလုံးကိုယ်စီ ရှိပါတယ်၊ ဒီကိစ္စတွေဟာ ၁၉၉၇ခုနှစ်ကတည်းက စခဲ့တာပါ၊ မှတ်တမ်းမှတ်ရာတွေမှာ ကျွန်တော်တို့တွေဟာ အားနည်းချက်ရှိပါတယ်၊ ပြန်ပြောတဲ့ အခါမှာ ဟိုလူဒီလူဆိုတဲ့ မရေမရာပဲ ပြောနိုင်ပါတယ်၊ နမူနာယူစရာက ဒုတိယကမ္ဘာစစ်အတွင်းမှာ တစ်ဖက်သက် အနိုင်ကျင့်ခံရတဲ့ ဂျူးလူမျိုးတွေဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ အရေးပါသော အခရာ ကျသော စစ်ရာဇ၀တ်ကောင် အသီးသီးကို တိကျစွာ အရေးယူနိုင်ခဲ့သလို သူတို့ကို လိုက်လံရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်၊ ရုပ်ရှင်တွေနဲ့ကို နာမည်ကြီးပါတယ်၊ အဲတော့ ကျွန်တော်တို့အနေနဲ့ ဘာပြန်ပြောရမယ် ဆိုရင် မှတ်တမ်းအားနည်းပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ မှတ်တမ်းလုပ်ကြရအောင်ဗျာ မှတ်တမ်းလုပ်ချင်ပါတယ်၊ ထိခိုက်မှုတွေ၊ ကြေကွဲစရာတွေ၊ အစော်ကားခံရမှုတွေ အများကြီး ကြုံပါတယ်၊ ဒါပေမယ့် ဘယ်သူလို့ ကျွန်တော်တို့ပြောနိုင်မလဲ၊ ဘယ်သူကလုပ်တာပါလို့ ကျွန်တော်တို့ မပြောနိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မသိကြလို့ပါ၊ ကျွန်တော်တို့ကို ဂျူတွေလောက်တောင် ဆိုးရွားတဲ့ ခွဲခြားမှုတွေ ကြုံရအောင် ကျွန်တော်တို့အပေါ်မှာ ဖိအားပေးနေတဲ့သူတွေ ဘယ်သူပါလို့ ကျွန်တော်တို့ပြောနိုင်လဲ၊ အလွန်ဆုံး ကျွန်တော်တို့ပြောနိုင်လို့ရှိရင် သာသနာမှတ်တမ်းကိုင်ထားသူ တစ်ယောက်ကိုပဲ နာမည်တပ်ပြီး ပြောနိုင်တယ်၊ ဒါပေမယ့် သူအဓိက တရားခံ ဟုတ်မဟုတ် ကျွန်တော်တို့ မသိဘူး၊ သူ့နောက်မှာ ဘယ်သူရှိလဲမသိဘူး၊ သူဘယ်တုန်းက စလဲကျွန်တော်တို့ မသိဘူး၊ ကျွန်တော်တို့ သတင်းသိရှိမှု အလွန်အားနည်းတာသည် သတင်းထောက်လှမ်းမှုများ စနစ်တကျ လုပ်ကြရအောင်ဗျာ၊ ကျွန်တော်ပြောချင်တဲ့ အချက်သုံးချက်ကို ပြန်ပြောရင် နံပါတ်တစ် မှတ်တမ်းလုပ်ကြရအောင်ဗျာ၊ နံပါတ်နှစ် သတင်းထောက်လှမ်းမှု လည်းစနစ်တကျ လုပ်ကြရအောင်ဗျာ၊ နံပါတ်သုံးအချက်က ကျွန်တော်တို့အပေါ်မှာ ကျူးလွန်စော်ကားသူ အကုန်လုံးနဲ့ အမှားအယွင်းက ဘာလဲဆိုတော့ အမုန်းအာဃာတကို ရင်ဝယ်ပိုက်ထားတဲ့ အမှားအယွင်းပါ၊ အရှင်မြတ်မနှစ်သက်သော အပြုအမှုပါ၊ ကျွန်တော်တို့ကလည်း အဲဒီအမှားမျိုး ပြန်မမှားအောင်လို့ ခုနက မှတ်တမ်းတွေမှတ်မယ်၊ သတင်းတွေစုံစမ်းမယ် ဆိုတာတွေဟာ အမုန်းအာဃာတတွေနဲ့ မဟုတ်ရပါဘူး၊ အမှန်တရားကို ချစ်မြတ်နိုးမှု သက်သက်ပဲ၊ အရှင်မြတ်အတွက်ပဲ သက်သက်ရည်ရွယ်ချက်၊ ရည်စူးချက် ဖြစ်သင့်ပါတယ်၊ အမုန်းကင်းရှင်းအောင် စောင့်ထိန်းကြရအောင်ဗျာ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
တက်ရောက်လာသူများထဲမှ ဆရာကိုသီလမှ “အဓိက ကတော့ ဒီပွဲလေး ကျင်းပလိုက်ခြင်းအားဖြင့် အစ္စလာမ့်ကွန်ယက်တွေရဲ့ စုစည်းမူတွေ ရရှိသွားတယ်၊ အားလုံးစုစည်းလို့ ရလာမယ့် အကျိုးရလာဒ်က အင်မတန်များပါတယ်။လောလောဆယ် အခြေအနေ အရ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်လည်း အိမ်မှာ ညအိပ်လို့ မရဘူး၊ အမြဲတမ်း ဘယ်နေရာမှာ ဘယ်အချိန်မှာ ဘာဖြစ်မလဲလို့ ပူနေရတယ်၊ ကိုယ့်ရပ်ကွက်ထဲမှာ ဘယ်အချိန် ဆူပူမူတွေ ရောက်လာမလဲလို့ စိတ်ပူနေရတဲ့ အနေအထား ဖြစ်တယ်။ဒီလို အနေအထားမျိုးကနေ ငြိမ်းချမ်းသွားဖို့ဆိုတာ တရားဥပဒေ စိုးမိုးရေးရဲ့ အာဏာ အရှိဆုံးက နိုင်ငံတော်ပဲ၊ နိုင်ငံတော်ကနေပြီးတော့ ဒါတွေကို ထိန်းသိမ်းလိုက်မယ်ဆိုရင် ချက်ချင်း ငြိမ်းချမ်းသွားမှာပါ၊ မွတ်စလင်တွေ အနေနဲ့လည်း ကိုယ့်ရဲ့ဘာသာတရားက ပြဌါန်းထားတဲ့ တနေ့တာမှာ လုပ်ကိုင်ဆောင်ရွက်ဖွယ်ရာတွေ၊ အခြားသော သူတွေနဲ့ ဆက်ဆံရာမှာ ထားရှိရမယ့် စိတ်ထားတွေ၊ထားရှိရမယ့် ၊မှန်ကန်မူတွေ၊ သစ္စာတရားတွေပေါ့၊ အစ္စလာမ်ဆိုတာ ဒါပဲဟေ့လို့ ပြသနိုင်ရမယ်၊ ကျွန်တော်တို့ နမာဇ်၅ကြိမ် ဖတ်တာတို့၊ ကုရ်အာန် ကျမ်းတော်မြတ်ဖတ်တာတို့ ဆိုတာကို ဘာသာခြားတွေမသိပါဘူး၊ တကယ်တမ်း ဘာသာခြားတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့အချိန်မှာ မှန်ကန်မှုတွေ၊ သမာဓိရှိမှုတွေ၊ သစ္စာရှိမှုတွေကို သူတို့တွေက နားလည်လက်ခံနိုင်တယ်။ သူတို့နားလည် လက်ခံပေးနိုင်တဲ့ အရာတွေမှာ ကိုယ်တွေက မှန်မှန်ကန်ကန် သမာသမတ်ကျကျ ရှိနေတယ်ဆိုတာကို သူတို့သိနေဖို့ လိုအပ်ပါတယ်၊ ကျွန်တော်တို့ရဲ့ အစ္စလာမ့်လူ့အဖွဲ့အစည်းမှာ အဲအရာတွေ ပျောက်ဆုံးနေခဲ့တာကြာပါပြီ၊ ဘယ်လောက်ပဲ သူတို့တွေက မုန်းတီးရေးဝါဒတွေ ဖြန့်ဖြန့် မွတ်စလင်တွေနဲ့ လက်တွေ့ဆက်ဆံနေသူတွေက ငါတို့တွေ့တဲ့ မွတ်စလင်တွေက မင်းတို့ပြောသလို မဟုတ်ဘူးကွလို့ ပြောလိုက်တယ်ဆိုရင် ဒါပြီးပါတယ်၊ ကြော်ငြာဘယ်လောက် ကောင်းကောင်း လက်တွေ့သုံးဖူးတဲ့ လူတစ်ယောက်က ဒါကောင်းတယ်ဆိုရင် အဲစကားတစ်ခွန်းက ပိုပြီးတန်ဖိုးရှိပါတယ် အဲဒီ သဘောပါပဲ၊ မွတ်စလင်ဆိုတာ ဘာလဲလို့ ကြည့်ဆိုလို့ရှိရင် မွတ်စလင်ဆိုတာ ကျွန်တော်ပါပဲဗျာ ခင်ဗျားကျွန်တော့်ကို ကြည့်လို့ရပါတယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်သွားပါတယ်။ မွတ်စလင်တိုင်းဟာ စံပြအနေနဲ့ ဖြစ်သွားမယ်ဆိုရင် ဘယ်သူကပဲ ဘယ်လောက် သွေးထိုးလှုံ့ဆော်ပါစေ လူထုကနေပဲ လူထုကို ပြန်ပြီး ထိန်းကြောင်းသွားပါတယ် အဲလိုပဲယူဆတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။
တက်ရောက်လာသူများထဲမှ ဦးအောင်ဇော်မြင့်က “ဒီလိုပွဲမျိုးတွေဟာ ငြိမ်းချမ်းရေးကို ဦးတည်စေတယ်လို့ ယူဆတယ်၊ အခုလက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို အဓိက ဦးစားပေးပြီး လုပ်စေချင်တယ်၊ နောက် အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့လိုတယ်၊ ဘာလို့ငြိမ်းချမ်းရေးစကားတွေ ကြီးပဲ ပြောရတာလဲဆိုရင် ငြိမ်းချမ်းရေးမရှိဘူးဆိုရင် ကျွန်တော်တို့ သွားချင်တဲ့ ပန်းတိုင်ကို သွားနိုင်မှာမဟုတ်ပါဘူး” ဟု M-Media သို့ပြောကြားခဲ့သည်။
တက်ရောက်လာတဲ့ ကွန်ယက်များမှ အသီးသီး မိတ်ဆက်စကားပြောကြားခဲ့သည်။
Leave a Reply
You must be logged in to post a comment.