သြဂုတ်လ-၂၁၊ ၂၀၁၃
M-Media
Source: DVB
ဘာသာပြန်ဆိုသူ- မြင့်မိုရ်မောင်မောင်

မြန်မာနိုင်ငံတွင်းရှိ လူနည်းစု မွတ်စ်လင်မ်တို့အပေါ် စံနစ်တကျလှုံ့ဆော်အကြမ်းဖက်မှုများအတွက် မြန်မာအစိုးရမှ အတိုင်းအတာ ပမာဏတစ်ရပ်အထိ လက်သင့်မခံနိုင်စရာကောင်းအောင် ပံ့ပိုးကူညီနေကြောင်း ပေါ်လွင်လာပါသည်။ ယင်းပံ့ပိုးမှုအား စစ်ဆေး အရေးယူခြင်းမရှိပါက မျိုးဖြုတ်သုတ်သင်မှုထံသို့ ဦးတည်လာနိုင်သည်ဟု အင်္ဂါနေ့ထွက် အစီရင်ခံစာသစ်တစ်ခုမှ သတိပေးလိုက်သည်။
အစ္စလာမ်သာသနာကို တစ်ဖက်သတ်ရွံမုန်းသွားအောင် အမုန်းတရားဝါဒဖြန့်မှု ကျယ်ပြန့်လာခြင်းနှင့်အတူ မြန်မာနိုင်ငံ မွတ်စ်လင်မ်များကို တစိုက်မတ်မတ်စော်ကားနေမှုများမှာ အစိုးရ၏ သဘောတူညီမှုနှင့် တရားဝင် ဘေးမဲ့ပေးထားခြင်းက အခြေခံလောင်စာဖြစ်နေသဖြင့် ညှင်းပန်းနှိပ်စက်မှုများ ဖြစ်လာရကြောင်း နျူးယော့ခ် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ (Physicians for Human Rights – PHR)၏ လေ့လာမှု စာတမ်း၌ ဖော်ပြထား၏။
“ ဤအခြေအနေများကို ကြပ်မတ်မှုမရှိဘဲ ဆက်လွှတ်ထားပါက မြန်မာနိုင်ငံသည် လူမဆန်သည့်ပြစ်မှုများ နှင့် မျိုးဖြုတ်သုတ်သင်မှု အပါအ၀င် တိုင်းပြည်တစ်ခုလုံး ပျက်စီးမည့် အကြမ်းဖက်မှုကြီးအား တွေ့ကြုံသွားဖွယ်ရှိနေပါသည် ” ဟု အစီရင်ခံစာမှ သတိပေးထားသည်။
မြန်မာနိုင်ငံသည် မျိုးဖြုတ်သုတ်သင်မှု ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးညွှန်ကြားရေးဌာနမှ သတ်မှတ်ထားသော သတိပေးစည်းမျဉ်း ၈ ချက်နှင့် ညှိစွန်းနေပြီဖြစ်ကြောင်း၊ အထူးသဖြင့် ဆယ်စုနှစ်များစွာ အဓမ္မ အင်အားသုံးချုပ်ထိန်းခံရသည့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုး ၈ သိန်း ကိစ္စဖြစ်ကြောင်း အစီရင်ခံစာရေးသူတစ်ဦးမှ DVB သို့ ပြောဆိုခဲ့သည်။
“ မျိုးဖြုတ်သုတ်သင်မှုကြီးဖြစ်နေပြီလို့ ဆိုလိုတာ မဟုတ်ပေမယ့် အဲ့ဒီအန္တရာယ်ရဲ့ တွင်းဝ ကို ရောက်နေပြီဖြစ်တယ်။ ဒါကြောင့် တကယ်လို့ အဲ့ဒီ စည်းမျဉ်းစံညွှန်းတွေနဲ့ညှိစွန်းပြီဆိုယင်တော့ အရေးယူ ကာကွယ်မှုလုပ်ရတော့မှာပါဘဲ။ ကျွန်တော်တို့က ဒီစာရင်းဝင်အောင် သွတ်သွင်းခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တွေ့မြင်တဲ့အတိုင်း ဖော်ပြချက်သာ ဖြစ်ပါတယ် ” ဟု မြန်မာနိုင်ငံ အရေး သုတေသီ PHR တစ်ဦးဖြစ်သော ဘီလ် ဒေးဗစ္စ (Bill Davis) က ဆိုသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကာကွယ်ရေး အမှုဆောင်ချုပ် မက်သျူး စမစ်(Mattew Smith) က ဤအစီရင်ခံစာသည် ယုံကြည် လက်ခံနိုင်သော၊ မျှတသော၊ အရေးပါသော အစီရင်ခံစာတစ်စောင် ဖြစ်ကြောင်း ရှင်းပြပြီး၊ မဖြစ်မနေကိုင်တွယ်ရမည့် ကိစ္စဖြစ်သည်ဟု အခိုင်အမာ ဆိုလိုက်သည်။ “ ဒီကိစ္စကို မျိုးဖြုတ်သုတ်သင်မှုစံညွှန်းနဲ့ညှိနေပြီ ဆိုပြီး ဆွေးနွေးတဲ့ အဆင့်ထိရောက်နေပါပြီ။ ဒီဆွေးနွေးမှုပန်းတိုင်ကတော့ ပိုမိုပြီးဆိုးဆိုးဝါးဝါးဖြစ်မလာအောင် ကာကွယ်ဖို့ (နဲ့) မျိုးဖြုတ်သုတ်သင်မှုလို့ သတ်မှတ်အတည်ပြုခံရတာမျိုးကနေ ဝေးကွာစေဖို့ ဖြစ်ပါတယ် ” ဟု ၄င်းမှ DVB သို့ ပြောကြားခဲ့သည်။
အစိုးက နိုင်ငံသားအဖြစ်ငြင်းပယ်ထားပြီး ပြင်းထန်စွာဖိနှိပ်ညှင်းပန်းခံရသော ရိုဟင်ဂျာနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ရခိုင်ပြည်နယ်ပဋိပက္ခ (ယမန်နှစ် ဇွန်လ)မှစတင်၍ မြန်မာနိုင်ငံတစ်ဝှန်း ဘာသာရေးအကြမ်းဖက်လှိုင်းလုံးများ ရိုက်ခတ်ခဲ့သည်။ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့(Human Rights Watch – HRW) ၏ အလွတ်သဘော စုံစမ်းမှုတစ်ရပ်က မြန်မာ့လုံခြုံရေးတပ်ဖွဲ့များသည် လူနည်းစုတို့အား ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းစဉ်တွင် ကိုယ်စိတ်တစ်လက်တည်း ပူးပေါင်း ပါဝင်ခဲ့သည်ဟု ကောက်ချက်ချကာ ဖော်ထုတ် တင်ပြနိုင်ခဲ့သည်။
ဤနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ဗလီဝတ်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ နှင့် အိမ်ခြေ တစ်သောင်းမျှ ပျက်စီးဆုံးရှုံးခဲ့သည်။ အာဏာပိုင်များက ရိုဟင်ဂျာ ဆန့်ကျင်ရေး သဘောထားမှသည် တိုင်းပြည်အနှံ့ မွတ်စ်လင်မ် ဆန့်ကျင်ရေး လှုပ်ရှားမှုများဖြစ်လာသည်အထိ အားပေး အားမြှောက်ပြုခဲ့ကြောင်း၊ အပြင်းထန်ဆုံး ကာလ၌ အကြမ်းဖက်ခံရသူမျာကို ကာကွယ်ရန်သာမက ဒုစရိုက်သားများကို နှိမ်နှင်းရန် ပျက်ကွက်ခဲ့ကြောင်း PHR မှ စွပ်စွဲလိုက်သည်။ ၄င်းအပြင် အကြမ်းဖက်မှုနောက်ကွယ်မှ ကြိုးကိုင်ထားသည့် နိုင်ငံရေးသမားတို့၏ တင်ပြမှုတို့အပေါ် စုံစမ်းစစ်ဆေးရန်ကိုလည်း တိုက်တွန်းခဲ့သည်။
“ အာဏာပိုင်အစိုးရက ဖန်တီးတာလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ဟာ လုပ်သင့်တာကို မလုပ်ခဲ့တာကတော့ အမှန်ပါဘဲ။ ရဲတပ်ဖွဲ့ဝင်တွေနဲ့စစ်တပ်ရဲ့လုပ်ရပ်ကို လေ့လာကြည့်လိုက်ပါ။ အကြမ်းဖက်မှု မရပ်မနားဖြစ်နေပါလျက် မတားဆီးခဲ့ကြပါဘူး။ လမ်းမပေါ်မှာ အပြန်အလှန် သတ်ဖြတ်နေတာကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက ရပ်ပြီးသာ စောင့်ကြည့်နေခဲ့ကြတယ်။ တိတိကျကျပြောရယင် ဒါဟာ အကာအကွယ်ပေးဖို့ ပျက်ကွက်တာပါဘဲ ” ဟု ဒေးဗစ္စ က ဆိုလေသည်။
မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့၌ မွတ်စ်လင်မ်ကျောင်းသားငယ်များအား စုပြုံသတ်ဖြတ်မှုနှင့်ပတ်သက်၍ PHR မှ မေလတွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ၄င်း၌ မွတ်စ်လင်မ်တို့အား လှီးဖြတ် သတ်ဖြတ်နေစဉ် ရဲတပ်ဖွဲ့ဝင်များသည် အရုပ်သဖွယ် ရပ်ကြည့်လျက်သာရှိကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် အင်္ဂါနေ့က ထုတ်ပြန်လိုက်သော အစီရင်ခံစာ၌ မွတ်စ်လင်မ်တို့၏စီးပွားရေးကို သပိတ်မှောက်ရန် ဗုဒ္ဓဘာသာဝင်တို့အား လှုံ့ဆော်နေသည့် မြန်မာနိုင်ငံ၏ ၉၆၉ အစွန်းရောက် အမျိုးသားရေးလှုပ်ရှားမှုသည် ပွင့်ထွက်လာသော အကြမ်းဖက်မှုများစွာနှင့် အချိတ်အဆက်ရှိနေကြောင်း ဖော်ပြထားသည်။ မိတ္ထီလာအကြမ်းဖက်မှု မဖြစ်ပွားမီ တစ်ပတ်အလိုတွင် မီးရှို့မခံလိုပါက ၉၆၉ စတစ်ကာများကို မိမိတို့အိမ်များ၌ ဖော်ပြထားရမည်ဟုဆို၍ ဗုဒ္ဓဘာသာဝင်အုပ်စုများသည် တစ်အိမ်တက်ဆင်း ဝေငှခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးမှ PHR သို့ ပြောပြခဲ့၏။
“ တိုက်ခိုက်မှုတွေဖြစ်ပွားလာတဲ့အခါ ၉၆၉ စတစ်ကာကပ်ထားတဲ့အိမ်တွေ၊ ၉၆၉ နံပါတ် ဆေးမှုတ်ရေးသားထားတဲ့ အိမ်တွေဟာ အကာအကွယ်ရခဲ့ကြတယ်။ ဒါဟာ ခိုင်မာတဲ့ သက်သေပြချက် မဟုတ်ပေမယ့်လည်း အဲ့ဒီလို ဆက်စပ်နေမှုကို ကျွန်တော်တို့ တကယ်ကို တွေ့ကြရတယ်။ ၉၆၉ အဖွဲ့က ဒီကိစ္စကို ပစ်မှတ်ထား စီမံတာလားဆိုတာ ကျွန်တော် မပြောတတ်ပါဘူး။ ဒါပေမယ့် သူတို့ဟာ မွတ်စ်လင်မ်ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့အတူ အမုန်းတရားဖြန့်ချိရေးအတွက် ဒေါက်တိုင်တွေဘဲဆိုတာကတော့ အသေအချာပါဘဲ ” ဟု ဒေးဗစ္စက ပြောဆိုသည်။
ယင်းလှုပ်ရှားမှု၏ နာမည်ကြီးဟောပြောသူတစ်ဦးဖြစ်သည့် ဦးဝီရသူမှာ သူ၏မီးမွှေးမှိုင်းတိုက် တရားပွဲပြီးဆုံးခဲ့သော နေရာများစွာ၌ များမကြာမီအတွင်း အကြမ်းဖက်မှုဖြစ်ပွားခဲ့ကြောင်း လူသိများလှပေသည်။ မိတ္ထီလာတွင် မွတ်စ်လင်မ်ကလေးငယ်များ အသတ်ခံရခြင်းသည် မိမိတို့၏ အင်အားကို ခင်းကျင်းပြသခြင်းဟုလည်း ပြောဆိုခဲ့သည်။
အကြမ်းဖက်မှုအတွက် မိမိတို့ထံ တာဝန်မရှိပါဟု အစိုးရမှ မပြတ်စတမ်း ငြင်းဆိုနေလျက် ၉၆၉ ကို ငြိမ်းချမ်းရေးအဖွဲ့အဖြစ် အကာအကွယ်ပေးနေပြန်သည်။ သို့သော် တက်ကြွလှုပ်ရှားသူများ၏အဆိုအရ – နှစ်ပေါင်းငါးဆယ်နီးပါး စစ်အုပ်ချုပ်ရေးလမ်းကြောင်းမှ ခွဲဖြာထွက်ရှိလာသည့် မြန်မာနိုင်ငံအဖို့ ယင်းသို့ပြုလုပ်နေခြင်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအား နစ်နာပျက်သုဉ်းသွားစေနိုင်သည် ဟု သိရသည်။
“ ဘာသာတရားတွေအကြား အကြမ်းဖက်မှုတွေ၊ အကြမ်းဖက်မှုဖြစ်လာအောင် အမုန်းသွတ်သွင်းလှုံ့ဆော်တရားပွဲတွေကို ခွင့်ပြုနေမှုအတွက် တာဝန်ယူဖို့ အစိုးရအနေနဲ့ ရေရှည်ခေါင်းရှောင်လို့ မရနိုင်တော့ပါဘူး။ ဒါ့အပြင် ဇာတ်လမ်းအဆုံးသတ်ကောင်းလိမ့်မယ်လို့ မျှော်မှန်းလို့ မရနိုင်တော့ပါဘူး ” ဟု HRW ၏ အာရှဒေသတာဝန်ခံ ဒုတိယဒါရိုက်တာဖြစ်သူ ဖီးလ် ရောဘတ်ဆင်(Phil Robertson) မှ ထုတ်ဖော်ပြောကြားလိုက်သည်။
** ဟန်းနား ဟင်းဒ်စထရောမ်း(HANNA HINDSTROM) ၏ Burmese Muslims at ‘great risk’ of genocide, warn activists အမည်ရှိဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားပါသည်။
** မူရင်းလင့်ခ် – http://www.dvb.no/news/burmese-muslims-at-great-risk-of-genocide-warn-activists/31682
Leave a Reply
You must be logged in to post a comment.