ဒီဇင်ဘာ ၁၈ ၊ ၂၀၁၃
M-Media
အိန္ဒိယ သံတမန်တဦး အမေရိကန် ဖမ်းဆီး၊ နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာ
နယူးယောက်မြို့ရှိ အိန္ဒိယသံတမန်တစ်ဦးအား အမေရိကန်မှ ဖမ်းဆီးလိုက်ခြင်းကြောင့် အမေရိကန်နှင့် အိန္ဒိယတို့၏ ဆက်ဆံရေးမှာ တစ်ဖြည်းဖြည်းတင်းမာလာခဲ့ပြီး အိန္ဒိယသို့ ရောက်ရှိနေသည့် အမေရိကန် ကွန်ဂရက်မှ ကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယ အာဏာပိုင်များက တွေ့ဆုံခြင်း မရှိသည် အထိ ဖြစ်လာခဲ့သည်။
အိန္ဒိယနိုင်ငံအတွင်းရှိ အမေရိကန် သံအမတ်များအားလုံး ၎င်းတို့၏ သက်သေခံကဒ်များကို ချိတ်ဆွဲရန် ယမန်နေ့တွင် အစိုးရက ညွှန်ကြားခဲ့ပြီး၊ နယူးဒေလီရှိ အမေရိကန်သံရုံးရှေ့မှ လုံခြုံရေးအဆီးအတားများကိုလည်း ဖယ်ရှားပစ်ခဲ့သည်။ ထို့ပြင် အမေရိကန် သံအမတ်များ၏ လေဆိပ်သို့ ၀င်ရောက်ခွင့်ကိုလည်း ပိတ်ပင်ထားကာ ယခုထက်ပိုမို၍ ကန့်သတ်ချက်များပြုလုပ်မည်ဟု သိရသည်။
ကွန်ဂရက်ပါတီ ဒုတိယဥက္ကဌနှင့် ဖက်ဒရယ်ပြည်ထဲရေးဝန်ကြီး ဆူရှီကူးမားတို့ကလည်း အိန္ဒိယ သံတမန်အား အမေရိကန်တို့ဖမ်းဆီးထားမှုကို ဆန့်ကျင်သောအနေဖြင့် နယူးဒေလီသို့ ရောက်ရှိနေသည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံရန် ယမန်နေ့က ငြင်းဆန်ခဲ့ကြသည်။
——————————
ရုရှမှ ယူကရိန်းရဲ့ ကြွေးမြီ ဒေါ်လာ ၁၅ ဘီလီယံ လျော်ပေး
– ယူကရိန်းနိုင်ငံတင်ရှိနေသည့် ကြွေးမြီး ကန်ဒေါ်လာ ၁၅ ဘီလီယံအား လျော်ပေး နှင့် ရုရှားမှ တင်ပို့နေသာ ဓာတ်ငွေ့ဈေးနှုန်းကို သုံးပုံတစ်ပုံအထိလျှော့ချရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ယမန်နေ့တွင် သဘောတူခဲ့သည်ဟု သိရသည်။ ထိုသဘောတူညီချက်မှာ နိုင်ငံအတွင်းကြုံတွေ့နေ ရသည့် လစာအခက်အခဲနှင့် ပြီးခဲ့သည့် နှစ်အစကတည်းက ဖြစ်ပေါ်နေသည့် စီးပွားရေးကျဆင်းမှုကြောင့် ကြုံတွေ့ရနိုင်သည့် အခက်အခဲများကို ကျော်လွှားရန် ကူညီမှုတစ်ခု လည်းဖြစ်သည်။ သို့သော်လည်း ထောင်ပေါင်းများစွာသော ယူကရိန်းပြည်သူများမှာ ထိုသဘောတူညီချက်အား လက်မခံဘဲ ကိဗ်မြို့၏ လွတ်လပ်ရေးရင်ပြင်တွင် စုရုံးကာ ဆန္ဒပြနေကြသည်။
——————————
အမေရိကန် Gay မဂ္ဂဇင်းတစ်ခုမှ ပုပ်ရဟန်းမင်းကြီးကို ၂၀၁၂ အတွက် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်
– လိင်တူချစ်သူများ အခွင့်အရေးကို ဦးစားပေးဖော်ပြသည့် အမေရိကန် မဂ္ဂဇင်းတစ်ခုက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား ယခုနှစ်အတွင်အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့သည်ဟု သိရသည်။ ပုပ်ရဟန်းမင်းကြီးအနေဖြင့် လိင်တူချစ်သူများအား အားပေးသည့် စကားများကို ပြောဆိုခဲ့ခြင်းကြောင့် The Advocate ဟု အမည်ရသည့် အဆိုပါ မဂ္ဂဇင်းက ထိုကဲ့သို့ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး၏ ၇၇ နှစ်မြောက် မွေးနေ့နှင့်လည်း တိုက်ဆိုင်နေသည်။
Source:Reuters
——————————
နိုင်ငံတကာ အာကာသစခန်း ISS ပြင်ဆင်မည်
– နိုင်ငံတကာ အာကာသစခန်း ISS ရှိ အကြီးဆုံးအအေးပတ်လမ်းတစ်ခု ပျက်စီးမှုအား အမြန်ပြုပြင်ရန်အတွက် အမေရိကန် ပညာရှင်များက အာကာသအတွင်း ဆင်းသက်ဆောင်ရွက်မည်ဟု နာဆာမှ ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ ISS ရှိ အအေးပတ်လမ်းနှစ်ခုမှ တစ်ခုမှာ ပန့်နှင့် အဆို့ရှင် ပြဿနာကြောင့် ပြီးခဲ့သည့် တစ်ပါတ်က ပိတ်ပစ်ခဲ့ရပြီး ISS တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရှင်သုံးဦးမှာ စနေ၊ တနင်္လာနှင့် ဗုဒ္ဓဟူးနေ့များတွင် အာကာသအတွင်းသို့ ဆင်းသက်ကာ ပြင်ဆင်မည်ဖြစ်သည်။
—————————–
ဖိလစ်ပိုင်အလှမယ် နိုင်ငံတကာ အလှမယ်ဘွဲ့ Miss International ဆွတ်ခူး
– ဂျပန်နိုင်ငံ တိုကျိုမြို့ Shinagawa Prince ဟိုတယ်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၃-ခုနှစ် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွင် ဖိလစ်ပိုင်အလှမယ် ဘီအာ ရိုဆေး ဆန်တီယေဂိုက နိုင်ငံတကာ အလှမယ်ဘွဲ့ Miss International 2013 ဘွဲ့အား ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။ ပြိုင်ပွဲဝင် ၆၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၅၃ ကြိမ်မြောက် အဆိုပါပြိုင်ပွဲတွင် ရိုဆေးမှာ နယ်သာလန်အလှမယ်နှင့် နယူးဇီလန်အလှမယ်တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်ပြိုင်ပွဲက အနိုင်ရရှိခဲ့သည့် အလှမယ်မှာ ယခုပွဲအား တက်ရောက်နိုင်ခြင်း မရှိသောကြောင့် ၂၀၀၈ ခုနှစ်တွင် ဆုရရှိခဲ့သည့် စပိန်မယ်က ရိုဆေးအား သရဖူဆောင်းပေးခဲ့သည်။
ဆုရရှိခဲ့မှုနှင့်ပက်သက်၍ ရိုဆေးက “ဒါဟာ ကျွန်မရဲ့ အိပ်မက်ပါပဲ။ ကျွန်မကိုရွေးချယ်ခဲ့တဲ့အတွက် ဂျပန်ပြည်ကို ကျေးဇူးတင်ပါတယ်။ ဒီပွဲက ကျွန်မရဲ့ သရဖူနဲ့ ကျမရဲ့ဘွဲ့(ဆုကြေးငွေ)ကို မုန်တိုင်းဒဏ်ခံပြည်သူတွေကို ကူညီသွားမှာပါ။ ဒါ(ဒီဆု)ဟာ ကျွန်မရဲ့နိုင်ငံနဲ့ ကျွန်မရဲ့ ပြည်သူတွေအတွက်ပါ” ဟု ပြောကြားသွားခဲ့သည်။
……………………………….
Leave a Reply
You must be logged in to post a comment.