ဇန်နဝါရီ ၁၉ ၊ ၂၀၁၄
M-Media
ဆောင်းပါးရှင်- အေးထွန်း
ကမ္ဘာရဲ့လေထုဟာ ကွဲပြားခြားနားတဲ့ ဓာတ်ငွေ့တွေကို မှန်ကန်တဲ့အချိုးအစားတွေနဲ့ (နိုက်ထရိုဂျင်၇၈ %၊ အောက်စီဂျင် ၂၁ %၊ ကာဗွန်ဒိုင်အောက်စိုက်နဲ့ အာဂွန်လိုအခြားဓာတ်ငွေ့တွေ ၁ %) အသက်ဓာတ်ကို ထောက်ပံပေးဖို့ဒီဇိုင်းစဉ်ထားတဲ့ အံ့ဖွယ်အခြေအနေဖြစ်အောင် ပူးပေါင်း ဖြစ်တည်နေပါတယ်။
အရေးအကြီးဆုံးဓာတ်ငွေ့ဖြစ်တဲ့ အောက်စီဂျင်ကနေပဲ စတင်ကြရအောင်။ ဘာဖြစ်လို့လဲဆိုတော့ ရိုးရှင်းတဲ့ အသက်ဓာတ်ဖွဲ့စည်းမူပုံစံရှိတဲ့ ဘက်တီးရီးယားတွေကနေပြီး ရှုပ်ထွေးတဲ့ လူသားတွေထိ အားလုံးဟာ စွမ်းအင်ကို ထုတ်လုပ်ဖို့အတွက် ဓာတုဗေဒ ဓာတ်ပြုမှုများကို ပြုလုပ်ရန် အောက်စီဂျင်ကို လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အဆက်မပြတ် အသက်ရှုသွင်းနေကြတာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာက လေထုထဲကအောက်စီဂျင် ရာခိုင်နှုန်းဟာ အလွန်ဂရုစိုက်စွာ စီမံထားခြင်း ခံထားရတာပါပဲ။ သူဟာ လက်ရှိပမာဏထက် တိုးလို့လဲမရ၊ လျှော့ကျသွားလို့လဲမရပါဘူး။
တိုးသွားရင် မီးလောင်ကျွမ်းမူတွေ အဆမတန်များပြားလာမှာဖြစ်ပြီး၊ လျှော့ကျသွားရင်တော့ကျွန်တော်တို့လို သက်ရှိတွေ အသက်ရှုကျပ် ကုန်ပါလိမ့်မယ်။ ဇီဝဓာတုပညာရှင် ပရောဖက်ဆာ Michael Denton က “ခင်ဗျားတို့ရဲ့လေထုမှာ အောက်စီဂျင်တွေပိုမိုနေရင် အသက်ဓာတ်ကို အထောက်အကူ ပြုနိုင် ဦးမလားဗျ၊ ဟင့်အင်းပါ။ အောက်စီဂျင်ဆိုတာ အရမ်းဓာတ်ပြုတဲ့ ဒြပ်စင်ပါ။
လက်ရှိ လေထုထဲမှာရှိတဲ့ အောက်စီဂျင်၂၁ရာခိုင်နှုန်းကတောင် အသက်ဓာတ်လုံခြုံရေးအတွက် အမြင့်ဆုံး အကန့်အသတ်နားကို ရောက်နေပါတယ်။ လေထုထဲမှာ အောက်စီဂျင် ၁ ရာခိုင်နှုန်းတိုး လိုက်ရင်တောင် တောမီးလောင်မှုပမာဏက ၇၀ရာခိုင်နှုန်း တိုးလာဖွယ် ရှိနေပါတယ်။” (Michael Denton,Nature’s Destiny, p 106 )
အင်္ဂလိပ်လူမျိုး ဇီဝဓာတုပညာရှင် James Lovelock ကလဲ ဒီအရေးပါတဲ့ အချိုးအစားကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“လက်ရှိကုန်းမြေက အပင်တွေရဲ့၂၅ရာခိုင်နှုန်းလောက်ကသာ ပြင်းထန်တဲ့ မီးဘေးအန္တရာယ်ကြားမှာ ရှင်သန်ကျန်ရှိခဲ့ပါလိမ့်မယ်။ အဲဒီမီးဘေးဟာ အပူပိုင်းဇုံသစ်တောတွေနဲ့ အာတိတ်လွင်ပြင်ကို ဖျက်ဆီးပစ်လိုက်ပါလိမ့်မယ်။ လက်ရှိအောက်ဆီဂျင်နှုန်းထားဟာ တိုးလို့မဖြစ်၊ လျှော့လို့မဖြစ်တဲ့ အခြေအနေကြားမှာ ကောင်းမွန်စွာ ဟန်ချက်ချ ပေးထားတဲ့ အမှတ်မှာ ရှိနေပါတယ်။” (James J. Lovelock, Gaia,Oxford: Oxford University Press,1987 , p.71)
လေထုထဲမှာပါဝင်တဲ့ အောက်စီဂျင်ရာခိုင်နှုန်းကို ပြီးပြည့်စုံတဲ့ သံသရာစက်ဝန်းတစ်ခုနဲ့ ထိန်းသိမ်းပေးထားပါတယ်။ တိရိစ္ဆာန်တွေဟာ အောက်ဆီဂျင်ကို ရှုသွင်းပြီး ကာဗွန်ဒိုင်အောက်စိုက်ကို အဆက်မပြတ် ပြန်ထုတ်နေပေမဲ့၊ အပင်တွေကတော့ ကာဗွန်ဒိုင်အောက်စိုက်ကို ရှုသွင်းပြီး အသက်ဓာတ်ကို တည်တန့်စေတဲ့ အောက်စီဂျင်ကို ပြန်ထုတ်ပေးနိုင်ပါတယ်။ နေ့စဉ် အပင်တွေဟာ ညအခါမှာ အစာခြေလုပ်ငန်းမလုပ်တဲ့ အတွက် အောက်စီဂျင် အချို့ကို ပြန်လည်ရှုသွင်းပေမဲ့ နေ့အခါမှာတော့အောက်စီဂျင် တန်ပေါင်းဘီလီယံများစွာ လေထုထဲကို ထုတ်လွှတ်ပေးပါတယ်။
တကယ်လို့များ အပင်တွေကော တိရိစ္ဆာန်တွေ ၂မျိုးလုံးကသာ တူညီတဲ့လုပ်ငန်းစဉ်ကိုသာ လုပ်မယ်ဆိုရင် ဒီကမ္ဘာမြေကြီးဟာ အသက်မရှိတဲ့ ဂြိုလ်တစ်ခုဖြစ်သွားပါလိမ့်မယ်။ ဥပမာအားဖြင့် တကယ်လို့များ၂မျိုးလုံးကသာ အောက်စီဂျင်ကို ထုတ်ပေးသူတွေ ဖြစ်နေမယ်ဆိုရင် လေထုဟာ ခနလေးအတွင်းမှာ အလွန်လောင်ကျွမ်းလွယ်တဲ့ အစွမ်းသတ္တိကို ပိုင်ဆိုင်သွားမှာဖြစ်ပြီး သေးငယ်တဲ့ မီးပန်းရိုက်ခတ်မှုလေးကတောင် ကြီးစွာသော မီးလောင်ကျွမ်းမှုကြီးကို ဖြစ်သွားစေမှာပါ။ ခြောက်သွေ့တဲ့ ကုန်းမြေအများစုဟာ လောင်ကျွမ်းသွားမှာပါ။ အခြားတစ်ဘက်မှာ တကယ်လို့များ ဒီသက်ရှိပုံစံ၂မျိုးလုံးဟာ ကာဗွန်ဒိုင်အောက်စိုက်ကိုသာလျှင် ထုတ်လွှတ်တယ်ဆိုရင် လေထုထဲမှာရှိတဲ့ အောက်စီဂျင်တွေဟာ အလျှင်အမြန် အကုန်အစင် အသုံးပြုပြီးသား ဖြစ်သွားမှာဖြစ်တဲ့အတွက် သက်ရှိအားလုံး အသက်ရှုကျပ်ကုန်တော့မှာပါပဲ။
ဒါပေမယ့်လဲ ဒီသက်ရှိပုံစံ ၂မျိုးလုံးဟာ ဟန်ချက်ညီညီ တည်ရှိနေသည့်အတွက်ကြောင့် လေထုထဲက အောက်စီဂျင်ဟာ အသက်ဓာတ်အတွက် အရေးကြီးတဲ့အချိုးအစားမှာ မပြောင်းမလဲ တည်တန့်နေနိုင်တာ ဖြစ်ပါတယ်။ Love lock ရဲ့အသုံးအနှုန်းအရဆိုရင် ဒီအချိုးအစားက “တိုးလို့မဖြစ်၊ လျှော့လို့လဲ မဖြစ်တဲ့ အခြေအနေကြားမှာ ကောင်းမွန်စွာ ဟန်ချက်ချပေးထားတဲ့ အမှတ်” ပေါ့။
ကိုးကား- ” A Chain of Miracles ” by Harunyahya.
Leave a Reply
You must be logged in to post a comment.