ဖေဖော်ဝါရီ ၉ ၂၀၁၄
M-Media
တောင်ဥက္ကလာက တရားပွဲ အစ္စလာမ် ဆန့်ကျင်ရေး ဦးစားပေးဟော၊ အကြမ်းဖက်ရန် ပြင်ဆင်နေသည့် သတင်းများ အွန်လိုင်းတွင် ပြန့်နှံနေသော်လည်း မြို့နယ် အတွင်း အခြေအနေ ယခု အချိန်ထိ တည်ငြိမ်နေဟုသိရ
– ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် တရားပွဲကျင်းပရာမှ တုတ်၊ ဓားများကိုင်ဆောင်ကာ အကြမ်းဖက်ရန် ပြင်ဆင်နေသည်ဆိုသော သတင်းများ ဆိုရှယ်မီဒီယာ စာမျက်နှာတွင် ပျံနှံလျက်ရှိသော်လည်း တောင်ဥက္ကလာပမြို့နယ်အတွင်း အခြေအနေမှာ ယခုအချိန်ထိ တည်ငြိမ်လျက်ရှိကြောင်း M-Media က စုံးစမ်းသိရှိရသည်။
တောင်ဥက္ကလာပမြို့နယ် ၇ ရပ်ကွက်၌ ကျင်းပသော တရားပွဲတွင် တရားနာယူရန် လာရောက်ကြသော ပရိတ်သတ်များမှ လူ ၃၀၀ ခန့်က တုတ်၊ ဓားများကိုင်ဆောင်ကာ အကြမ်းဖက်ရန် ကြံစည်နေကြသည်ဟု သတင်းများ ယနေ့ညနေတွင် အင်တာနက် စာမျက်နှာတွင်း ပေါ်ထွက်လာခဲ့ပြီး အွန်လိုင်း အသုံးပြုသူများအကြား ပျံ့နှံ့ခဲ့သည်။
ထို့ကြောင့် M-Media မှ စုံစမ်းကြည့်ခဲ့ရာ ထိုရပ်ကွက်၌ လွန်ခဲ့သည့် ၅ ရက်ခန့်ကတည်းက တရားပွဲကျင်းပနေခဲ့ပြီး ယနေ့မှာ နောက်ဆုံးနေ့ဖြစ်ကြောင်း၊ တရားပွဲများတွင် အစ္စလာမ် ဘာသာဝင်များအပေါ် လွဲမှားသည့် အမြင်များကိုသာ အသားပေးဟောပြောနေခဲ့ပြီး၊ ယနေ့မှာ နောက်ဆုံးနေ့ ဖြစ်သည့် အတွက် ပြဿနာများမဖြစ်ပွားစေရန် အစ္စလာမ်ဘာသာဝင်များက မိမိတို့၏ ဈေးဆိုင်များကို စောစီးစွာပိတ်သိမ်းခဲ့ကြကြောင်း၊ တာဝန်ရှိသူများကလည်း တရားပွဲကျင်းပရေး ကော်မတီသို့သွားရောက်ကာ အခြားဘာသာဝင်များအပေါ် အထင်အမြင်လွဲမှားစေမည့် ပြောဆိုမှုများ မပြုလုပ်ရန်နှင့် ဗုဒ္ဓဘာသာ၏ တရားစစ် တရားမှန်များ ကိုသာ ဟောပြောရန် မေတ္တာ ရပ်ခံခဲ့ကြောင်း၊ မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရန် လုံခြုံရေးများကိုလည်း ချထားကြောင်း တောင်ဥက္ကလာပတွင်နေထိုင်သည့် အစ္စလာမ် ဘာသာဝင်တစ်ဦးက ပြောကြားခဲ့သည်။
တောင်ဥက္ကလာပ မြို့နယ်အတွင်း အခြေအနေမှာ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့နေသကဲ့သို့ မဟုတ်ဘဲ ယခုအချိန်ထိ တည်ငြိမ်လျက် ရှိနေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းပြီး နောက်ပိုင်း ဘာသာရေးကို အခြေခံသည့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာခဲ့ပြီး၊ နိုင်ငံအနှံ ကျင်းပသော ၉၆၉ တရားပွဲများတွင် နိုင်ငံသား အစ္စလာမ် ဘာသာဝင်များအပေါ် စွပ်စွဲမှုများ၊ ရိုင်းစိုင်းစွာ စော်ကားပြောဆိုမှုများလည်း များစွာရှိလာခဲ့သည်။ သို့သော်လည်း အစိုးရအနေဖြင့် တိုင်းပြည်အတွင်းရှိနေသည့် ပြည်သူများ အကြား စိတ်ဝမ်းကွဲစေကာ၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ထိပါးစေနိုင်သည့် ထိုအပြုအမူများအား ယခုအချိန်အထိ ထိရောက်စွာ ကိုင်တွယ် ဆောင်ရွက်နိုင်ခြင်းမရှိချေ။
Leave a Reply
You must be logged in to post a comment.