News @ M-Media

ဘာစီလိုနာ၏ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှု မိမိတို့ စနက် မဟုတ်ဟု ရီးယဲလ်ဆို

ဧပြီ ၅၊ ၂၀၁၄
M-Media

– ဘာစီလိုနာအသင်းအား အပြောင်းအရွှေ့မပြုလုပ်ရန် ဖီဖာမှ ပြစ်ဒဏ်ချမှတ်ခဲ့သည့် အပေါ် မိမိတို့အသင်းအနေဖြင့် ပါဝင်ပတ်သက်မှု မရှိဟု ရီးယဲလ် ဒုတိယဥက္ကဌ ပက်ဒရို လိုပက်ဇ် ဂျီမီနက်ဇ်က ပြောကြားခဲ့သည်။

386101_heroa

အသက် ၁၈ နှစ်အောက် နိုင်ငံခြားကစားသမားများအား ခေါ်ယူစုဆောင်းခြင်းနှင့် ပတ်သက်သော စည်းကမ်းချက်များကို ဘာကာမှ ချိုးဖောက်မှုအတွက် လာမည့်အပြောင်းအရွှေ့ကာလနှစ်ခုတွင် ကစားသမားခေါ်ယူခြင်း၊ ရောင်းချခြင်းမပြုရန် ဖီဖာမှ မကြာသေးမီက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အသင်း၏ လူငယ်ကစားသမားပေါ်လစီအတွက် အမည်မဖေါ်လိုသည့် ကလပ်အသင်းတစ်ခုက ထူးခြားသည့် တိုင်ကြားမှုများ ရှိခဲ့သောကြောင့် ဖီဖာက စုံစမ်းခဲ့ခြင်းဖြစ်သည်ဟု ဘာကာနည်းပြ ဘာတိုမြူက ယမန်နေ့တွင်ပြောကြားခဲ့ပြီးနောက်၊ ထိုတိုင်ကြားမှုတွင် ရီးယဲလ်အသင်းမှာ တစ်နည်းနည်းဖြင့် ပါဝင်သည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း ဂျီမီနက်ဇ်ကမူ ၎င်းတို့၏ ခါးသီးသောပြိုင်ဘက် ဘာစီလိုနာအား ပြစ်ဒဏ်ချမှတ်မှုတွင် မိမိတို့ ပါဝင်ခြင်းမရှိဟု ဆိုသည်။

“ဘာစီလိုနာ အပေါ် ဒီလိုပြစ်ဒဏ် ချမှတ်မှုဟာ ရီးယဲလ်အသင်းနဲ့ရော၊ ဖီဖာရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ကျွန်တော်နဲ့ရော ဘာမှ ပတ်သက်မှုမရှိပါဘူး။ ကစားသမားပြောင်းရွှေ့မှု အခြေအနေ စောင့်ကြည့်ရေးကော်မတီမှာ ကျွန်တော့်ရဲ့ အဖွဲ့ဝင်ဖြစ်မှုကလည်း ဖလော်ရန်တီနို ပီရက်ဇ်(ရီးယဲလ်ဥက္ကဌ)၊ ရီးယဲလ်အသင်းနဲ့ ဆက်စပ်မှု မရှိပါဘူး” ဟု ဂျီမီနက်ဇ်က AS သတင်းစာသို့ ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းကမူ ထိုပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ဟု ကြာသာပတေးနေ့က သတင်းထုတ်ပြန်ခဲ့သည်။ ဘာကာမှာ နေးမာ၏ အပြောင်းအရွှေ့ကိစ္စအတွက်လည်း တရားရုံး၌ တရားရင်ဆိုင်နေရသည်။
Goal

Comments

Leave a Reply