မေ ၁၂၊ ၂၀၁၄
M-Media
– ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒေသ အချို့အား လွတ်လပ်သော နိုင်ငံအဖြစ် ထူထောင်ရန် ပြည်သူ့ဆန္ဒ ခံယူပွဲမှာ အောင်မြင်ခဲ့သည်ဟု ရုရှားလိုလားသူ ခွဲထွက်ရေး သမားများက ကြေညာလိုက်သည်။
Donetsk ဒေသ၏ မဲပေးခွင့်ရှိသူ သုံးသန်းတွင် ၈၉ ရာခိုင်နှုန်းမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနိုင်ငံအဖြစ် ထူထောင်ရန် မဲပေးခဲ့ကြသည်ဟု Donetsk ပြည်သူ့ သမ္မတနိုင်ငံဟု ခေါ်ဆိုသည့် ဒေသမှာ ရွေးကောက်ပွဲ အကြီးအကဲ ရိုမန် လယာဂင်က ဆိုသည်။
နိုင်ငံအရှေ့ပိုင်း စက်မှုမြို့ဖြစ်သည့် Luhansk ဒေသတွင်လည်း ခွဲထွက်ရေးသမားများက ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခဲ့ကြပြီး ရလဒ်များကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
ထိုပြည်သူ့ဆန္ဒခံယူပွဲတွင် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်သူများ မပါဝင်ဘဲ ခွဲထွက်ရေးကြေညာချက်ကို မှန်ကန်ကြောင်းကြေညာရန် မဖြစ်နိုင်ဟု AP သတင်းဌာနက ဖော်ပြခဲ့သည်။ မဲရေတွက်မှုကို ပြည်သူ့ ဆန္ဒခံယူပွဲ ပြုလုပ်အပြီး ၂ နာရီအကြာတွင် ကြေညာခဲ့ခြင်းဖြစ်သည်။
ယူကရိန်ဗဟိုအစိုးရနှင့် အနောက်ပိုင်း အစိုးရတို့က အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲမှာ နိုင်ငံတကာ ဥပဒေအား ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုကာ ရှုတ်ချခဲ့ကြပြီး၊ ခရိုင်းမီးယားကို ပိုင်နက် အတွင်း သွတ်သွင်းခဲ့ပြီးနောက် တိုင်းပြည်၏ အစိတ်အပိုင်းများကို သိမ်းပိုက်ရန် အတွက် ရုရှား၏ ကြိုးကိုင်ဆောင်ရွက်မှု သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နှင့် အနောက်နိုင်ငံများကလည်း ထိုရလဒ်အား အသိအမှတ်ပြုမည် မဟုတ်ဟု ပြောကြားထားပြီး ယူကရိန်းနိုင်ငံခြားရေး ၀န်ကြီးကမူ အဆိုပါ လူထုဆန္ဒ ခံယူပွဲနှစ်ခုကို ရာဇ၀တ်မှုမြောက်သည့် ဟာသပြဇာတ် အဖြစ် သရော်ခဲ့သည်။
Ref : Aljazeera
Leave a Reply
You must be logged in to post a comment.