အောက်တိုဘာ ၂၁ ၊ ၂၀၁၄
M-Media
– နိုင်ငံအရှေ့ပိုင်း Ilovaisk မြို့၌ အစိုးရတပ်များနှင့် ခွဲထွက်ရေးသမားများအကြား သြဂုတ်လအစောပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအတွင်း ယူကရိန်းစစ်သား ၃၀၀ ကျော်သေဆုံးခဲ့သည်ဟု ယူကရိန်းပါလီမန်မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
တနင်္ဂနွေနေ့ကပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ စုံစမ်းစစ်ဆေးမှုများကိုပြုလုပ်ခဲ့သော ကော်မရှင်က ထိုအဖြစ်အပျက်အတွက် ယူကရိန်း စစ်တပ်တာဝန်ရှိသူများကို အပြစ်တင်ခဲ့သည်။
ခွဲထွက်ရေးသမားများ ကြီးစိုးရာ Donetsk မြို့နှင့် နီးသည့် အဆိုပါ Ilovaisk မြို့တွင် သြဂုတ်လအစောပိုင်းက တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်းစစ်တပ်မှာ ခွဲထွက်ရေးသမားများ၏ ၀ိုင်းထားခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကို ခံခဲ့ရသော်လည်း ယူကရိန်းစစ်တပ်မှ ထိရောက်သော တုံ့ပြန်မှုများ မလုပ်ခဲ့ပေ။
အဆိုပါမြို့တွင် မီးလောင်ထားသော စစ်ဘက်ဆိုင်ရာယာဉ် ၃၀ ခန့်ကိုလည်း စက်တင်ဘာလက တွေ့ရှိခဲ့ရပြီး သေဆုံးသူဦးရေမှာ ထုတ်ပြန်ထားသည်ထက် ပိုမိုများပြားမည်ဟု လေ့လာသူများက ပြောဆိုကြသည်။
ယူရိကန်းအရှေ့ပိုင်းတွင် ၆ လတာကြာမြင့်နေသည့် တိုက်ခိုက်မှုများအတွင်း လူပေါင်း ၃၆၆၀ သေဆုံးခဲ့ပြီး စက်တင်ဘာလအစောပိုင်းက အပစ်ရပ်ရေး လက်မှတ်ထိုးခဲ့ကြသော်လည်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်။
ref_ SZH/HJL/HRB
Leave a Reply
You must be logged in to post a comment.