News @ M-Media

အမေရိကန်သမ္မတ ဘာရက် အိုဘားမား အရပ်ဖက် အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့

နိုဝင်ဘာ ၁၅ ၊ ၂၀၁၄
M-Media
President Obama delivered remarks after participating in a Civil Society Roundtable at the U.S. Embassy in Burma.
– မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် သမ္မတ ဘာရက်အိုဘာမားမှာ ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ အရပ်ဖက်အဖွဲ့ အစည်းများနှင့် တွေ့ဆုံခဲ့ကာ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် အမျိုးသမီးအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့များ၊ စာနယ်ဇင်းကောင်စီမှ ကိုယ်စားလှယ်များ၊ တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်နေသော အဖွဲ့များ၊ မသန်စွမ်းသူများ၏ အခွင့်အရေး အတွက် ဦးဆောင်ဦးရွက်ပြုနေသည့် အဖွဲ့များ၊ လူနည်းစုများ၏ ဒုက္ခများနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့်အဖွဲ့များ၊ ကျောင်းသားအဖွဲ့အစည်းများနှင့် အလုပ်သမား အဖွဲ့အစည်းများ စသည့် အရပ်ဖက်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

အိုဘားမားက မြန်မာနိုင်ငံရှိ အရပ်ဖက်အဖွဲ့စည်းများနှင့် ယခုကဲ့သို့ တွေ့ဆုံစကားပြောခွင့်ရ၍ ၀မ်းသာပါကြောင်း၊ မြန်မာနိုင်ငံတွင် တက်ကြွသော အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများရှိပြီး ဒီမိုကရေစီအရေး၊ ပွင့်လင်းမြင်သာရှိမှုနှင့် တာဝန်ခံမှုတို့အတွက် နှစ်မြှုပ်ဆောင်ရွက်နေကြကြောင်း၊ အမေရိကန်၏ ပေါ်လစီမှာ အဆိုပါ ရပ်ဖက်အဖွဲ့အစည်းများကို ပံ့ပိုးကူညီပေးရန်နှင့် ၎င်းတို့၏ အယူအဆများ၊ စိုးရိမ်ပူပန်မှုများကို ဖော်ပြနိုင်မည့် နေရာ တစ်ခုရရှိရေး ဆောင်ရွက်ပေး ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ ဆွေးနွေးပွဲတွင် မျှဝေခဲ့သည့် အယူအဆများကို မိမိအနေဖြင့် အလွန် နှစ်သက်မိသည်ဟုလည်း ပြောကြားခဲ့သည်။ ထို့ပြင် လူတိုင်း၏ အသံများကို ကြားခွင့်ပြုရမည်ဖြစ်ကြောင်း၊ ကိစ္စရပ်တိုင်းတွင် ယခုရောက်ရှိလာသောသူများအားလုံး သဘောတူညီမည်မဟုတ်ဘဲ ရခိုပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြောင်းအရာများ အပါအ၀င် အငြင်းပွားဖွယ် ကိစ္စရပ်များအတွက် လူတိုင်းတွင် မတူညီသော ရှုထောင့်များ ရှိကြကြောင်း၊ သို့ရာတွင် ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများကို ပြုလုပ်ရမည်ဖြစ်ပြီး သို့မှသာ ထိုပြဿနာများကို ပြေလည်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထိုကဲ့သို့ မတူညီသော အယူအဆများကို ထုတ်ဖော်ခွင့် မပေးပါက မည်သည့်အရာမှ ပြောင်းလဲမည် မဟုတ်ကြောင်း အိုဘားမားက ထည့်သွင်းပြောဆိုခဲ့သည်။

ထို့နောက် အမေရိကန်အနေဖြင့် မြန်မာပြည်သူများ၏ မိတ်ဆွေအဖြစ် ဆက်လက်ရှိသွားမည်ဖြစ်ပြီး၊ စာနယ်ဇင်းလွတ်လပ်ခွင့်၊ အသင်းအဖွဲ့များ လွတ်လပ်စွာတည်ထောင်ခွင့်၊ တရားဥပဒေစိုးမိုးရေး၊ ပွင့်လင်းမြင်သာရှိမှု၊ တာဝန်ခံမှုတို့ကို ပိုမိုရရှိနိုင်ရန်အတွက် မြန်မာ အစိုးရနှင် စေ့စပ်ဆွေးနွေး သွားမည်ဖြစ်ကြောင်း ပြောကြားက ၎င်း၏ တွေ့ဆုံမှုကို နိဂုံးချုပ်ခဲ့သည်။

အိုဘားမားမှာ ထို တွေ့ဆုံဆွေးနွေးမှု ပြီးနောက် ညနေ ၅ နာရီကျော်တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာခဲ့သည်။

Video Copyright-The White House

Comments

Leave a Reply