နိုဝင်ဘာ ၁၈ ၊ ၂၀၁၄
M-Media
– ကမ္ဘာပေါ်ရှိ လူပေါင်း ၃၅.၈ သန်းမှာ ခေတ်သစ် ကျွန်စနစ်အောက်တွင် နေထိုင်နေရပြီး ၀ါဂွမ်းများကောက်ခြင်း၊ ဘိန်းစိုက်ပျိုးခြင်း၊ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရခြင်းများ ရှိနေသည်ဟု ကျွေးကျွန်ဆိုင်ရာ အစီရင်ခံစာ အသစ်တစ်ခုတွင် ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာကို ကမ္ဘာလုံးဆိုင်ရာ ကျေးကျွန်အညွှန်းကိန်း GSI ဟု အမည်ပေးထားပြီး သြစတေးလျအခြေစိုက် Walk Free ဖောင်ဒေးရှင်းမှ လေ့လာမှုများ ပြုလုပ်ကာ ယခုနှစ် အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ထိုအစီရင်ခံစာက ခေတ်သစ် ကျွန်စနစ်အောက်တွင် နေထိုင်နေရသူ အရေအတွက်မှာ ခန့်မှန်းထားသည်ထက် ၂၀ ရာခိုင်နှုန်း ပိုများနေသည်ဟု ဆိုသည်။
“ကျွန်စနစ်ဆိုတာ အရင်ခေတ်ကရှိခဲ့တဲ့ ပြဿနာ ဒါမှ မဟုတ် စစ်ပွဲတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ နိုင်ငံမျိုးတွေမှာပဲ ရှိတဲ့ ပြဿနာလို့ ယူဆကြပါတယ်” ဟု အဆိုပါ Walk Free ဖောင်ဒေးရှင်း ဥက္ကဌ အန်ဒရူး ဖောရက်စ်က ပြောကြားခဲ့သည်။
ခေတ်သစ်ကျွန်စနစ်တွင် အကျွေးကြောင့် ဖမ်းဆီး ချုပ်နှောင်ခံရခြင်း၊ အတင်းအဓမ္မလက်ထပ်ခိုင်းခြင်း၊ ကလေးငယ်များအား ရောင်းချခြင်း သို့မဟုတ် ခိုင်းစားခြင်း၊ လူကုန်ကူးခြင်းနှင့် အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်းတို့ ပါဝင်သည်ဟု အဆိုပါ ဖောင်းဒေရှင်းက သတ်မှတ်ထားသည်။
နိုင်ငံပေါင်း ၁၆၇ နိုင်ငံမှ အချက်အလက်အများကို လေ့လာဆန်းစစ်ပြီးနောက် ထိုအစီရင်ခံစာကို ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံ ၅၈ နိုင်ငံတွင် ခေတ်သစ်ကျွန်စနစ်ကို အသုံးချ၍ ထုတ်လုပ်သော ကုန်ပစ္စည်း ၁၂၂ ခုအထိရှိသည်ဟု ဖော်ပြထားသည်။
“ထိုင်းတံငါသည်တွေ ဖမ်းတဲ့ငါး၊ ကွန်ဂိုကလေးငယ်တွေတူးတဲ့ စိန်၊ ဥဇဘက်ကလေးငယ်တွေ ကောက်တဲ့ဝါဂွမ်း၊ အိန္ဒိယအမျိုးသမီးငယ်တွေ ချုပ်တဲ့ဘောလုံး—စတဲ့ ကျွန်တော်တို့ သုံးစွဲနေတဲ့အရာတွေဟာ သူတို့ကို အတင်းအဓမ္မ ခိုင်းစေမှုကနေရတဲ့အရာတွေပါ” ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO ကမူ အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်းမှ ရရှိသည့် အကျိုးအမြတ်မှာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၅၀ ဘီလီယံရှိသည်ဟု ခန့်မှန်းတွက်ချက်ထားသည်။
ref_Agencie
Leave a Reply
You must be logged in to post a comment.