ဒီဇင်ဘာ ၉ ၊ ၂၀၁၄
M-Media
– နိုင်ငံ အလယ်ပိုင်းဒေသသို့ တိုင်ဖုန်းဟာဂူပစ် ၀င်ရောက်ပြီးနောက် ဖိလစ်ပိုင်တွင် သေဆုံးသူ အရေအတွက်မှာ အနည်းဆုံး ၂၃ ဦးအထိ ရှိနေသည်ဟု ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူများက ပြောကြားလိုက်သည်။
`ဆာမာရ်ဒေသအရှေ့ပိုင်းမှာ လူ ၂၃ ဦးသေဆုံးတဲ့ သတင်းကို ကျွန်တော်တို့ အတည်ပြုပြီးပါပြီ။ အဲဒီအထဲက ၁၆ ဦးဟာ ဘိုရွန်ဂန် ဒေသကပါ´ ဟု ဖိလစ်ပိုင် အမျိုးသား ကြက်ခြေနီအဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဂွမ်ဒိုလစ် ပန်က ယနေ့တွင် ပြောကြားခဲ့သည်။
စောစောပိုင်းတွင် မုန်တိုင်းကြောင့် သေဆုံးသူမှာ သုံးဦးသာ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသူ အရေအတွက် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
မုန်တိုင်းကြောင့် နိုင်ငံအလယ်ပိုင်း ပြည်နယ်များတွင် ရေကြီးခြင်း၊ အဆောက်အဦးများ ပျက်ဆီးခြင်း၊ မိုးကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ယခုလက်ရှိတွင် မုန်တိုင်းမှာ အားပျော့သွားပြီး မြို့တော် မနီလာသို့ ဦးတည်ရွေ့လျားနေကာ ကျောင်းများ၊ အစိုးရအဆောက်အဦးများနှင့် ဈေးဆိုင်အများစုကိုလည်း ပိတ်ထားသည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ်က လူပေါင်းထောင်ချီသေဆုံးခဲ့သည့် တိုင်ဖုန်းဟိုင်ယန်ကို တွေ့ကြုံခဲ့ရသည့် ဖိလစ်ပိုင်မှာ ယခု ဟာဂူပစ်တိုင်ဖုန်း အတွက် အသေအချာ ပြင်ဆင်ထားပြီးပြီး ယာယီကယ်ဆယ်ရေး စခန်း ၁၀၀၀ ကျော်ကို ဖန်တီးကာ လူပေါင်း သန်းဝက်ကျော်ကို ရွှေ့ပြောင်းထားရှိသည်။
Leave a Reply
You must be logged in to post a comment.