News @ M-Media

ဆီးရီးယား ဒုက္ခသည်များ အတွက် ကုလမှ ပြန်လည်ထောက်ပံ့

ဒီဇင်ဘာ ၁၁ ၊ ၂၀၁၄
M-Media
2014129234039731580_20
– ဆီးရီးယားပြည်တွင်းစစ်ကြောင့် အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေရသည့် ဒုက္ခသည် ၁.၇ သန်းအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုကို ပြန်လည်ပြုလုပ်နေသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် WFP က ပြောကြားလိုက်သည်။

WFP တွင် ရန်ပုံငွေမရှိတော့သောကြောင့် ဂျော်ဒန်၊ လက်ဘနွန်၊ တူရကီ၊ အီရတ်နှင့် အီဂျစ်နိုင်ငံများတွင် ခိုလှုံနေသော ဒုက္ခသည်များအား စားနပ်ရိက္ခာထောက်ပံ့မှုများ ရပ်ဆိုင်းရတော့မည်ဟု ပြီးခဲ့သည့် တစ်ပတ်က ကြေညာခဲ့သည်။

သို့သော်လည်း ထိုအချိန်မှစ၍ ရန်ပုံငွေအတွက် အလှူခံမှုများ ပြုလုပ်ခဲ့ရာ တစ်ပတ်တာ ကာလအတွင်း ကန်ဒေါ်လာ သန်း ၈၀ ခန့် ရရှိခဲ့သောကြောင့် ဒုက္ခသည် မိသားစု တစ်ခုလျှင် တစ်လထောက်ပံ့ကြေး ကန်ဒေါ်လာ ၃၀ သတ်မှတ်ကာ လာမည့်အတွက်လည်း ရန်ပုံငွေ အနည်းငယ် ချန်ထားနိုင်မည်ဟု WFP က ယမန်နေ့တွင်ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

`အချိန်တိုတိုအတွင်းမှာ ဒီလို ရက်ရက်ရောရော လှူဒါန်းတာဟာ မကြုံစဖူးပါပဲ´ ဟု WFP ၏ အမှုဆောင်ဒါရိုက်တာ အာသာရင် ကော်ဇင်က ပြောကြားခဲ့သည်။

အဆိုပါ ရန်ပုံငွေထောက်ပံ့မှုတွင် နိုင်ငံပေါင်း ၁၅၈ နိုင်ငံ ပါဝင်ခဲ့ကြပြီး အစိုးရများက အများဆုံး ထောက်ပံ့ပေးခဲ့ကြကာ ပုဂ္ဂလိကနှင့် တစ်ဦးချင်းအလှူရှင်များလည်း ပါဝင်ခဲ့သည်။

အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေရသည့် ဆီးရီးယား ဒုက္ခသည်များအား စားနပ်ရိက္ခာ ထောက်ပံ့မှုအတွက် တစ်ပတ်လျှင် ကန်ဒေါ်လာ ၃၅ သန်းဝန်းကျင်ခန့် ကုန်ကျနေသည်ဟု WFP က ဆိုသည်။

ဒုက္ခသည်များကမူ အဆိုပါ ထောက်ပံ့မှုများ မရှိတော့ပါက ၎င်းတို့၏ စားရေးသောက်ရေး၊ ပညာရေးမှအစ ဆောင်းရာသီ၏ အရိုးခိုက်အောင် အေးသော အအေးဒဏ်ကို အန်တုရန်အဆုံး ဒုက္ခရောက်မည်ဟု ပြောကြားခဲ့သည်။

Reuters

Comments

Leave a Reply