ဒီဇင်ဘာ ၁၁ ။ ၂၀၁၄
M-Media

– အစိုးရ၏ ၆ နှစ်တာ ချွေတာရေး အစီအစဉ်များထဲမှ အဓိက အစီအစဉ် တစ်ခုဖြစ်သည့် ရေပေးဝေမှု အတွက် အခွန်ကောက်ခံခြင်းကို ဆန့်ကျင်သည့်အနေဖြင့် အိုင်ယာလန် ပြည်သူများက ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
Right2Water ခေါင်းစဉ်ဖြင့် မြို့တော် ဒက်ဘလင်တွင် ယမန်နေ့က ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး လူပေါင်း သုံးသောင်းကျော် ပါဝင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းခဲ့သည်။ လူအုပ်ကြီးမှာ ရေခွန်ကောက်ခံမှုကို သပိတ်မှောက်ရန် ဆိုရှယ်လစ်နှင့် အမျိုးသားရေး၊ နိုင်ငံရေးသမားများက တောင်းဆိုထားသည့် ၀န်ကြီးချုပ် အန်ဒါ ကန်နီ၏ ရုံးခန်းအပြင်ဘက် ရင်ပြင်တွင် ဆန္ဒပြခဲ့ကြပြီး `လုံးဝလက်မခံ။ ငါတို့ ပေးမည်မဟုတ်´ ဟု ကျွေးကျော်ခဲ့ကြသည်။
ထို့ပြင် ပါလီမန် အဆောက်အဦးသို့လည်း ဆန္ဒပြသူများက သွားရောက်ခဲ့ကာ အဆောက်အဦး အရှေ့ရှိ ရဲတပ်ဖွဲ့၏ အဆီးအတားများကိုလည်း ဖြိုဖျက်ရန် ကြိုးစားခဲ့ကြသည်။ ထို့ပြင် ရဲတပ်ဖွဲ့ကိုလည်း အရာဝတ္ထုများဖြင့် ပစ်ပေါက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
ညနေပိုင်း ရုံးပြန်ချိန်တွင် ဆန္ဒပြသူများက အဓိကလမ်းများနှင့် တံတားများကို ပိတ်ဆို့ထားခဲ့ပြီး ၃ နာရီခန့် ယာဉ်ကျောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။
အိုင်ယာလန်မှာ နိုင်ငံအတွင်း ရေပေးဝေမှုအတွက် ယခုလက်ရှိတွင် အခွန်ကောက်ခံမှု မရှိချေ။ သို့သော်လည်း ရေပေးဝေးရေး အခြေခံအဆောက်အဦးများအတွက် ကုန်ကျစားရိတ်များ ကြီးမြင့်ခြင်းကြောင့် ပြည်သူများ အနေဖြင့် ထိုကုန်ကျစားရိတ်ကို ထမ်းဆောင်ရမည်ဟု အစိုးရက ပြောကြားထားသည်။
Al Jazeera and agencies

Leave a Reply
You must be logged in to post a comment.