ဒီဇင်ဘာ ၁၈၊ ၂၀၁၄
M-Media

– မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား လုပ်ကြံသည့်ပုံစံ ဆိုနီက ရိုက်ကူးထားသည့် ဟာသကား ရုံတင်ပြသမှုကို ခြိမ်းခြောက်မှုများကြောင့် ရပ်ဆိုင်းထားလိုက်ပြီဟု သိရသည်။
The Interview အမည်ရ အဆိုပါ ဇာတ်ကားကို လာမည့် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ ရုံများ၌ ရုံတင်ပြသရန် စီစဉ်ထားသော်လည်း အချို့ရုံများက လက်မခံခြင်း၊ မြောက်ကိုရီးယား ဟက်ကာအဖွဲ့က ပြသသည့် ရုံများကို တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်း စသည်တို့ကို ကြုံတွေ့ရသောကြောင့် ပြသခြင်းမပြုရန် ဆိုနီက ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကန်ဒေါ်လာ ၄၄သန်း အကုန်အကျခံရိုက်ကူးထားသည့် အဆိုပါ ရုပ်ရှင်ကို မကျေနပ်သည့်အတွက် မြောက်ကိုရီးယား ဟက်ကာများက ဆိုနီကုမ္ပဏီအား ဆိုက်ဘာတိုက်ခိုက်မှုကို ပြီးခဲ့သည်လက ပြုလုပ်ခဲ့ပြီး အရေးကြီး စာရွက်စာတမ်းများ ပေါက်ကြားခဲ့သည်။
ထိုတိုက်ခိုက်မှုနောက်ကွယ်တွင် မြောက်ကိုရီးယားအစိုးရမှ ပါဝင်ခဲ့သည်ဟု အမေရိကန်က ပြောကြားခဲ့သော်လည်း မြောက်ကိုရီးယားဘက်ကမူ ငြင်းဆိုခဲ့သည်။
အဆိုပါရုပ်ရှင် ပြသမှုအား ရပ်ဆိုင်းခဲ့မှုနှင့်ပတ်သက်၍ ဆိုနီကုမ္ပဏီကို ဝေဖန်မှုများလည်း ရှိနေသည်။
`ဆိုနီပြိုလဲခြင်းနဲ့အတူ အမေရိကန်ဟာ ဆိုက်ဘာစစ်ပွဲမှာ ပထမဆုံးရှုံးနိမ့်ခဲ့တာပါပဲ။ ဒါဟာ သိပ်ကြောက်စရာကောင်းတဲ့ အစဉ်အလာပါပဲ´ ဟု ရီပက်ဘလစ်ကန် ကိုယ်စားလှယ်ဟောင်း နယူ့တ် ဂင်ဂရစ်ခ်ျက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
Reuters

Leave a Reply
You must be logged in to post a comment.