ဒီဇင်ဘာ ၂၀၊၂၀၁၄
M-Media
– လူမျိုးရေး တင်းမာမှုများရှိနေသည့် မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် လူနည်းစုများအပေါ် အကြမ်းဖက်မှု များဖြစ်ပွားမည်ကို စိုးရိမ်မိပြီး၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် မကြာမီ ငြိမ်းချမ်းရေး ရရှိရန် မျှော်လင့်မိသည်ဟု မြန်မာနိုင်ငံရေး အခြေအနေကို လာရောက်လေ့လာခဲ့သည့် ကမ္ဘာ့ ရပ်မိရပ်ဖအဖွဲ့မှ ပြောကြားလိုက်သည်။
အဖွဲ့ဝင် လေးဦးပါသည့် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့မှာ ဒီဇင်ဘာ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ သွားရောက် လည်ပတ်ကာ မြန်မာ့နိုင်ငံရေး အခြေအနေများကို လေ့လာခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့ ဆီဒိုနား ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းတို့က လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရအကြား ယုံကြည်မှု နည်းခြင်းများ ရှိနေပြီး၊ အချိန်ကြာမြင့်စွာ ပဋိပက္ခများဖြစ်ပွားခဲ့ခြင်းကြောင့် ထိုကဲ့သို့ မယုံမကြည်ဖြစ်နေခြင်းကို မိမိတို့မအံ့သြကြောင်း၊ လာမည့်ရက်များအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်မည်ဟု သိရှိခဲ့ရပြီး အပစ်ရပ်ရေး နိုင်ငံလုံးဆိုင်ရာ သဘောတူညီချက် မကြာမီ အဆုံးသတ်နိုင်မည် ဟု မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။
ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့မှာ မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦတင်အေးတို့ အပါအ၀င် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ထိုင်းနိုင်ငံတွင်မူ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
လူမျိုးရေး၊ ဘာသာရေး ပြဿနာများနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံတွင် ဘာသာရေး၊ လူမျိုးရေး အခြေခံများအပေါ် သည်းမခံမှုနှင့် ခွဲခြားဆက်ဆံမှုများ ရှိနေမှုမှာ နာကျင်စရာဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပရန် တစ်နှစ်သာ လိုတော့သည့်အချိန်တွင် လူနည်းစုများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားမည်ကို မိမိတို့မှစိုးရိမ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူများအကြား သဟဇာတဖြစ်စွာနေထိုင်သည့် ရှည်ကြာသော သမိုင်းကြောင်းကောင်းများရှိပြီး ထိုသမိုင်းကြောင်းကို ထွေးပိုက်ထားကာ လက်တွေ့တွင် ကျင့်သုံးကြပါဟု ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့တွင် ဆီးရီးယားအရေး ကုလ၏ ကိုယ်စားလှယ် အဖြစ် ကြားဝင်ဖြေရှင်း ပေးနေသည့် လက်ခ်ဒါ ဘရာဟီမီ၊ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှုတွင် လူသိများသည့် ပါကစ္စတန် တရားရုံးချုပ်မှ ဟီနာဂျီလာနီ၊ ဖင်လန်သမ္မတ အဟ်သီစာရီနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဂရိုဟာလမ်တို့ ပါဝင်ခဲ့သည်။
နိဂုံးချုပ်အနေဖြင့် ဒီမိုကရေစီ အသိုင်းအ၀ိုင်းအသစ်သို့ သွားနေသည့် မြန်မာပြည်သူ များ၏ ခရီးတွင် မိမိတို့မှ ဆက်လက် ကူညီပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့က ထည့်သွင်းပြောကြားခဲ့သည်။
The Elders
Leave a Reply
You must be logged in to post a comment.