News @ M-Media

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းရာမှ အမျိုးသမီးတစ်ဦး သေဆုံး

ဒီဇင်ဘာ ၂၂၊ ၂၀၁၄
M-Media

– မြန်မာအစိုးရနှင့် ပြည်သူများအကြား ကာလကြာရှည် အငြင်းပွားနေသည့်
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုအတွင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

လျော်ကြေးယူထားခြင်းမရှိသည့် စီမံကိန်း မြေပေါ်တွင် ခြံစည်းရိုး ခတ်ခြင်းကို မကျေနပ်၍ တောင်သူများက ဆန္ဒပြရာမှ ယနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူမှာ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်းဆိုသူဖြစ်သည်။ ထို့ပြင် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ၂၀ ဦးခန့်ရှိသည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်အမတ် ဒေါ်ခင်ဆန်းလှိုင်ကမူ ထိုဖြစ်စဉ်အား အတည်ပြုခဲ့ပြီး ကျည်ဆံမှာ ထိုအမျိုးသမီး၏ ဦးခေါင်းအား ထိမှန်ခဲ့သည်ဟု ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ကိုင်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီကမူ လူတစ်ဦးသေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။

`ဒီအမျိုးသမီး သေဆုံးခဲ့တဲ့အကြောင်းအရင်းက ရှင်းလင်းမှုမရှိသေးပါဘူး။
အခင်းဖြစ်ပွားရာနေရာမှာ ရဲတပ်ဖွဲ့ဝင်တွေရှိနေတယ်လို့ ကျွန်တော်တို့ သိထားပါတယ်။ သူတို့အနေနဲ့ ဒီအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှုကို ပြုလုပ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်´ ဟု ၀မ်ပေါင် ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ Cao Desheng က ကုမ္ပဏီမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဒေသခံရဲများကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ထိုဆန္ဒပြမှု အကြောင်း မည်သည့်သတင်းအချက်အလက်မှ မရရှိသေးဟု ပြန်လည်ဖြေကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

ဝမ်ပေါင်ကုမ္ပဏီမှာ တရုတ်လက်နက်ကုမ္ပဏီတစ်ခုဖြစ်သော China North Industries Group Corp ၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပါမစ်တွင် ပါဝင်သည့် လိုအပ်ချက်များနှင့်အညီ လက်ပံတောင်းကြေးနီစီမံကိန်း နယ်မြေအတွင်းရှိ လုပ်ငန်းလုပ်ကိုင်ရန် ဧရိယာများကို ချဲ့ထွင်လုပ်ဆောင်သွားမည်ဟု ယနေ့နံနက်ပင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Ref : Reuters

Comments

Leave a Reply