ဖေဖော်ဝါရီ ၈၊ ၂၀၁၅
M-Media
– စနေနေ့က ကစားခဲ့သည့် မက်ဒရစ်ဒါဘီတွင် အက်သလက်တီကိုမက်ဒရစ်အား ၄ ဂိုးပြတ်ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ရီးယဲလ်တိုက်စစ်မှူး ကရင်မ်ဘန်ဇီမာက ရီးယဲလ် ပရိတ်သတ်များအား တောင်းပန်လိုက်သည်။
အဆိုပါပွဲတွင် အန်ဆယ်လော့တီ၏ ရီးယဲလ်မှာ လူစုံပါခဲ့သော်လည်း ဂိုးပြတ်ခြေပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရပြီး တစ်ပွဲလုံးတွင် ရီးယဲလ်မှာ ဂိုးကန်သွင်းခွင့် ၄ ကြိမ်သာ ရရှိခဲ့သည်။ အက်သလက်တီကို၏ အနိုင်မှာ မက်ဒရက်ဒါဘီ နောက်ဆုံး ၅ ပွဲတွင် ၄ ကြိမ်မြောက်အနိုင်လည်း ဖြစ်ခဲ့သည်။
ဘန်ဇီမာကမူ အသင်းဖော်များအား ထိုအရှုံးမှ ရုန်းထွက်ကြရန် တိုက်တွန်းခဲ့ပြီး လာလီဂါထိပ်တွင်ရှိနေသည့် မိမိတို့အသင်း၏ ကံကြမ္မာမှာ မိမိတို့ လက်ထဲတွင်သာရှိနေသည်ဟု ပြောကြားခဲ့သည်။
“ပရိတ်သတ်တွေ ထိခိုက်ခံစားရတဲ့အတွက် ကျွန်တော်တို့အားလုံး တောင်းပန်ပါတယ်။ ကျွန်တော့်တို့အတွက်တော့ ဒီနေ့ဟာ ဖြစ်ရပ်ဆိုးကြီးပါပဲ။ ဒါဟာ ကျွန်တော်တို့အတွက် အလှည့်အပြောင်းဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့ကစားခဲ့တဲ့ ပုံစံထက်ပိုဆိုးတဲ့ ပုံစံမျိုး နောက်ထပ် ကစားဖို့ မဖြစ်နိုင်ပါဘူး” ဟု ဘန်ဇီမာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ထိုပွဲမှာ ၂၀၁၀ နိုဝင်ဘာတွင် ဘာစီလိုနာအား ၅ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ရီးယဲလ်၏ အဆိုးဝါးဆုံးအရှုံးလည်း ဖြစ်သည်။ ထိုပွဲရှုံးခဲ့သော်လည်း ရီးယဲလ်မှာ ဘာစီလိုနာအား တစ်ပွဲအသာ ၄ မှတ်ဖြတ်ကာ လာလီဂါကို ဦးဆောင်ထားသည်။
Ref: goal.com
Leave a Reply
You must be logged in to post a comment.