ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
M-Media
– ဘာစီလိုနာအသင်းအား အပြောင်းအရွှေ့ပိတ်ပင်ခြင်းမှာ နှစ်ပေါင်းများစွာ အတွင်း အဓိပ္ပါယ်မရှိဆုံး လုပ်ရပ်ဖြစ်ပြီး ဘာကာမှာ မည်သည့်အမှားမှ ပြုလုပ်ခြင်းမရှိခဲ့ဟု တောင်ပံကစားသမားဟောင်း ကားလက်စ် ရီဇက်ခ်ျက ပြောကြားခဲ့သည်။
ဘာစီလိုနာမှာ အသက် ၁၈ နှစ်အောက် ကစားသမားများကို ခေါ်ယူရာတွင် ဖီဖာ၏စည်းမျဉ်းကို ချိုးဖောက်ကြောင်း တွေ့ရှိရ၍ အပြောင်းအရွှေ့ရာသီ ၂ ခု၌ ပါဝင်ခြင်းမပြုရန် ဖီဖာက ပြစ်ဒဏ်ချမှတ်ထားသည်။ သို့သော်လည်း ဘာစီလိုနာ၏ နည်းစနစ်ဆိုင်ရာ ကော်မတီသစ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည့် ရီဇက်ခ်ျကမူ ဖီဖာ၏ အဆိုပါ ပြစ်ဒဏ်နောက်ကွယ်က အကြောင်းအရင်းကို နားလည်ရန် ခက်ခဲသည်ဟု ပြောကြားခဲ့သည်။
“တကယ်လို့များ ဥပဒေ အသေးစိတ်အချက်အလက်တွေနဲ့ မညီဘူးဆိုတာ လေ့လာတွေ့ရှိရရင်တော့ ကျွန်တော်ကြုံတွေ့ရတဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ဒီဆုံးဖြတ်ချက်ဟာ အဓိပ္ပါယ်မရှိဆုံး ဆုံးဖြတ်ချက်ပါပဲ” ဟု ရီဇက်ခ်ျကဆိုသည်။
ထို့ပြင် ဘာစီလိုနာ လူငယ်ဘောလုံးအကယ်ဒမီ La Masia ကိုလည်း ချီးကျူးခဲ့ပြီး အဆိုပါ အကယ်ဒမီတွင် လူငယ်ဘောလုံးသမားများအား မည်ကဲ့သို့ ကြည့်ရှုစောင့်ရှောက်ကာ ပညာသင်ကြားပေးသည်ကို လူများက သိရှိကြပြီး မိဘများကလည်း ထိုအကယ်ဒမီတွင် တက်ရောက်နေသည့် ၎င်းတို့၏ သားသမီးများအတွက် ဂုဏ်ယူကြမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဘာစီလိုနာမှာ ယခုနှစ် ဇန်န၀ါရီလမှမစ၍ ၂၀၁၅-၁၆ ဘောလုံးရာသီအထိ ကစားသမား ရောင်းချမှု၊ ၀ယ်ယူမှုများကို လုပ်ကိုင်ခွင့်ရှိမည် မဟုတ်တော့ချေ။
Ref: goal.com


Leave a Reply
You must be logged in to post a comment.